ဆရာဝန်နဲ့ သူနာပြုများ ဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ လူသိများထင်ရှားတဲ့ ပုဂ္ဂလိကဆေးရုံတစ်ရုံက လူနာအသစ်များ လက်မခံတော့ဘဲ COVID-19 ရောဂါဗိုင်းရပ်စ်ရှိနေတဲ့ ကန့်သတ်ထိန်းချုပ်ဇုန်အဖြစ် ဧပြီ ၆ ရက်နေ့က ကြေညာလိုက်ပါတယ်။

(Photo: AFP)

အဆိုပါ ပုဂ္ဂလိကဆေးရုံမှ သူနာပြု ၂၆ ဦးနဲ့ ဆရာဝန်သုံးဦးထံမှာ ဗိုင်းရပ်စ်ကူးစက်မှု စစ်ဆေးတွေ့ရှိရပြီးနောက် ဆေးရုံကို ပိတ်ထားရန်ဆုံးဖြတ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဟန့်တားရန် မတ်လ ၂၅ ရက်နေ့ကတည်းက တစ်နိုင်ငံလုံးကို အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားခဲ့ပါတယ်။



လက်ရှိအချိန်အထိ အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄,၇၇၈ ဦးနဲ့ သေဆုံးသူ ၁၃၆ ဦးရှိပြီး ၃၇၅ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယ ကျန်းမာရေးဝန်ထမ်းတွေက ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆောင်ရွက်ရာမှာ လုံလောက်တဲ့ အကာအကွယ်များ မရရှိခြင်းအပေါ် ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

(Photo: PTI)

ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပွားနေတဲ့ Wockhardt ဆေးရုံရှိ ဝန်ထမ်း ၃၀၀ ကို အသွားအလာ ကန့်သတ်ထားလိုက်ပြီး ဆေးရုံကို ပိတ်ထားကြောင်း မွမ်ဘိုင်းမြို့ အာဏာပိုင်အဖွဲ့ ပြောခွင့်ရအမျိုးသား Vijay Khabale-Patil က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

မွမ်ဘိုင်းမြို့ရှိ United Nurses Association (UNA) အဖွဲ့အစည်းကတော့ ပုဂ္ဂလိကဆေးရုံ စီမံအုပ်ချုပ်မှုအဖွဲ့က ဝန်ထမ်းတွေကို အကာအကွယ်များ ဝတ်ဆင်နိုင်ရန် စီစဥ်မပေးဘဲ ကာကွယ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ "သူတို့က ဆေးဘက်ဝန်ထမ်းတွေကို သာမန် ခွဲစိတ်ခန်းသုံး mask တွေတပ်ပြီး လူနာနဲ့ ထိတွေ့ကုသမှုလုပ်ဖို့ ပြောခဲ့တယ်" လို့ မွမ်ဘိုင်းမြို့တည်ရှိရာ မဟာရက်ရှ်ထရာပြည်နယ် UNA အဖွဲ့အစည်းရဲ့ အထွေထွေအတွင်းရေးမှူး Akash S. Pillai က ပြောပါတယ်။

(Photo: PTI)

"သူတို့က ဆေးရုံဝန်ထမ်းတွေက အကာအကွယ်ဝတ်စုံတွေ အပြည့်အစုံ ဝတ်ဆင်ထားရင် COVID-19 လူနာရဲ့ မိသားစုဝင်တွေက စိုးရိမ်ကြောက်လန့်လိမ့်မယ်ဆိုပြီး တွေးခဲ့ကြတယ်လေ၊ မွမ်ဘိုင်းနဲ့ ပူနီက လူသိများတဲ့ ဆေးရုံအများအပြားက သူတို့ ဝန်ထမ်းတွေကို အလားတူ အန္တရာယ်တွေကြား အလုပ်လုပ်ခိုင်းနေကြတယ်" လို့ ၎င်းက AFP ကို ပြောခဲ့ပါတယ်။ Wockhardt ဆေးရုံက ၎င်းရဲ့ဝန်ထမ်းတွေကို ဗိုင်းရပ်စ်စစ်ဆေးရန် အချိန်အလွန်ကြာ စောင့်ဆိုင်းနေခဲ့ပြီး ထိုအခြေအနေက ကူးစက်ပျံ့နှံ့မှု ဖြစ်နိုင်ခြေကို မြင့်တက်စေခဲ့တယ်လို့လည်း Akash S. Pillai က သုံးသပ်ခဲ့ပါတယ်။

မွမ်ဘိုင်းမြို့မှာ လူဦးရေ သန်း ၂၀ ကျော်ရှိနိုင်ပြီး ကူးစက်မှု ၄၅၈ ခု အတည်ပြုထားပြီး ၄၅ ဦး သေဆုံးခဲ့ပါတယ်။ မွမ်ဘိုင်းမြို့တည်ရှိရာ မဟာရက်ရှ်ထရာပြည်နယ် တစ်ခုလုံးမှာ စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၄၅ ဦးနဲ့ သေဆုံးသူ ၄၅ ဦးရှိခဲ့ရာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ မွမ်ဘိုင်းမှာ အများဆုံးဖြစ်ပွားနေခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က