ဝေလငါးဖမ်းခြင်းဟာ နှစ်ပေါင်းရှည်ကြာ ရိုးရာဓလေ့တစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။

ဂျပန်အစိုးရက International Whaling Comission (IWC) ကနေ နုတ်ထွက်ရန် အငြင်းပွားဖွယ် ဆုံးဖြတ်ခဲ့ပြီးနောက် ဂျပန်ငါးဖမ်းသမားတွေဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် စီးပွားဖြစ် ဝေလငါးဖမ်းခြင်းကို ယနေ့ (ဇူလိုင် ၁ ရက်) မှာ ပြန်လည်စတင်ပြီလို့ သိရပါတယ်။

(ဝေလငါး အသားဘူးများ) (Photo: Reuters)

ဂျပန်မှာ ဝေလငါးဖမ်းခြင်း ပြန်လည်လုပ်ဆောင်မှုကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေနဲ့ ဝေလငါးဖမ်းခြင်းကို ဆန့်ကျင်တဲ့ နိုင်ငံများက ဝေဖန်မှုတွေ ထွက်ပေါ်လာနိုင်ဖွယ်ရှိပါတယ်။ သို့သော် ဂျပန်နိုင်ငံရှိ ဝေလငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသူတွေကြားမှာတော့ အောင်ပွဲခံစရာဖြစ်နေပါတယ်။ ၎င်းတို့က ဝေလငါးဖမ်းခြင်းဟာ နှစ်ပေါင်းရှည်ကြာ ရိုးရာဓလေ့တစ်ခု ဖြစ်တယ်လို့ ပြောကြပါတယ်။



ဝေလငါးဖမ်းခြင်းကိစ္စဟာ ဂျပန်အတွက် နှစ်နဲ့ချီပြီး သံတမန်ရေးရာ အခက်ကြုံရတဲ့ ပြဿနာတစ်ရပ်လည်း ဖြစ်နေခဲ့ပါတယ်။ ဂျပန်က IWC စည်းမျဉ်းတွေထဲမှ ဟာကွက်တစ်ခုကိုသုံးပြီး ထိန်းသိမ်းကာကွယ်ထားတဲ့ တောင်ဝင်ရိုးစွန်းရေပြင်မှာ ဝေလငါးဖမ်းခြင်းကို သိပ္ပံသုတေသနရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခဲ့ပါတယ်။ ထိုသို့ ဝေလငါးများဖမ်းနေခြင်းကို ပြင်းထန်စွာ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

(ဇူလိုင် ၁ ရက်မှာ ပထမဆုံး ဖမ်းမိခဲ့သည့် Minke ဝေလငါး) (Photo: Reuters)

ဂျပန်က IWC ထံမှ စီးပွားဖြစ် ဝေလငါးဖမ်းခြင်း ပြန်လည်လုပ်ဆောင်ခွင့်ပြုရရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပြီးနောက် ထိုအဖွဲ့အစည်းကနေ နုတ်ထွက်ရန် ယမန်နှစ်အတွင်း ဆုံးဖြတ်ခဲ့ပါတယ်။ IWC ကနေ နုတ်ထွက်လိုက်ခြင်းဖြင့် ဂျပန်ဟာ ၎င်းရဲ့ ရေပြင်ပိုင်နက်အတွင်း စီးပွားဖြစ် ဝေလငါးဖမ်းခြင်းကို ပြန်လည်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ယနေ့ (ဇူလိုင် ၁ ရက်) မှာတော့ ဂျပန်မြောက်ပိုင်း ဟော့ကိုင်ဒိုကျွန်းရှီ ကူရှီရိုမြို့ အပါအဝင် ဂျပန် နေရာဒေသအချို့မှ ဝေလငါးဖမ်းသင်္ဘောတွေဟာ စီးပွားဖြစ် ဝေလငါးဖမ်းရန် ပင်လယ်ပြင်ကို ထွက်ခွာခဲ့ကြကြောင်း သိရပါတယ်။

"စီးပွားဖြစ် ဝေလငါးဖမ်းတာ ပြန်လည်စတင်တာကို ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်၊ မျှော်လင့်ချက်အပြည့်နဲ့ပါပဲ" လို့ Japan Small-Type Whaling Association ရဲ့ အကြီးအကဲ ယိုရှီဖူမီကိုင်းက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ ဝေလငါးဖမ်းသင်္ဘောတွေကို ယခုနှစ်အတွင်း ဂျပန်ပင်လယ်ပြင်မှာ Minke, Bryde's နဲ့ Sei အမျိုးအစား ဝေလငါးကောင်ရေ ၂၂၇ ကောင်း ဖမ်းဆီးခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

(ဝေလငါးဖမ်းသင်္ဘောများ ပင်လယ်ပြင်ထွက်ခွာသွားစဉ်) (Photo: Kyodo/Reuters)

ဂျပန်နိုင်ငံမှာ ဝေလငါးဖမ်းခြင်းကို ရာစုနှစ်များကြာ လုပ်ဆောင်လာခဲ့ကြပြီး ဒုတိယကမ္ဘာစစ်အပြီး အလွန်အမင်း ဆင်းရဲမွဲတေမှုကြုံခဲ့ရစဉ် ဝေလငါးဟာ အဓိက စားသုံးကြတဲ့ အသားဖြစ်ခဲ့ပါတယ်။ သို့သော် တက်ကြွလှုပ်ရှားသူတွေက ဝေလငါးမစားကြရန် တိုက်တွန်းမှုတွေနဲ့အတူ လတ်တလော ဆယ်စုနှစ်များအတွင်း ဂျပန်မှာ ဝေလငါးစားမှု သိသာစွာ လျော့နည်းသွားခဲ့ပါတယ်။

ဂျပန်လူမျိုး အများအပြားက ဝေလငါးကို တစ်ခါတရံမှသာ စားကြောင်း သို့မဟုတ် လုံးဝ မစားကြောင်း ပြောကြပါတယ်။ ဂျပန်နိုင်ငံက IWC ကနေ နုတ်ထွက်လိုက်မှုကြောင့် တောင်ဝင်ရိုးစွန်းရေပြင် အပါအဝင် နိုင်ငံတကာရေပိုင်နက်မှာ ဝေလငါးဖမ်းခွင့် မရှိတော့ခြင်းနဲ့ အပြင်းအထန် ဝေဖန်မှုတွေက ဂျပန်ဝေလငါးဖမ်းလုပ်ငန်း အဆုံးသတ်ရန် ပထမဆုံးခြေလှမ်း ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူအချို့က ဆိုပါတယ်။

(ဝေလငါးဖမ်းရာမှာ အသုံးပြုသည့် မှိန်းသေနတ်) (Photo: AFP)

"ဂျပန်က နိုင်ငံတကာရေပိုင်နက်ထဲမှာ ဝေလငါးဖမ်းခြင်း မပြုတော့တာက ဝေလငါးကို အသားအတွက်နဲ့ အခြား ထုတ်ကုန်တွေအတွက် သတ်ဖြတ်ခြင်းတွေ အဆုံးသတ်ဖို့ ကြီးမားတဲ့ ခြေလှမ်းပါပဲ" လို့ International Fund for Animal Welfare အဖွဲ့အစည်းမှ ပင်လယ်ရေပြင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Patrick Ramage က ပြောခဲ့ပါတယ်။

ဂျပန်ပင်လယ်ပြင်မှာသာ စီးပွားဖြစ် ဝေလငါးဖမ်းခြင်းက ရေရှည်လုပ်ငန်းတစ်ခု ဖြစ်နိုင်ဖွယ်မရှိကြောင်းနဲ့ ဝေလငါးဈေးကွက်ကလည်း ကျဆင်းနေကြောင်း ၎င်းကဆိုပါတယ်။ "ကျွန်တော်တို့ မြင်နေရတာကတော့ ဂျပန်ဝေလငါးဖမ်းလုပ်ငန်း အဆုံးသတ်မှုရဲ့ အစပါပဲ" လို့ Parick Ramage က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က