ဂျပန်ဧကရာဇ် ထီနန်းတက်ပွဲသို့ နိုင်ငံ ၁၈၀ ကျော်မှ အထူးဧည့်သည် ၂,၀၀၀ တက်ရောက်ခဲ့ကြပါတယ်။

ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ ထီးနန်းတက်ပွဲ အခမ်းအနားကို နှစ်ပေါင်း ၂,၀၀၀ သက်တမ်းရှိ ဘုရင်စနစ်ရဲ့ အစဉ်အလာများ၊ ကြီးကျယ်ခမ်းနားမှုများနဲ့အတူ တိုကျိုမြို့ရှိ နန်းတော်မှာ ယနေ့ (အောက်တိုဘာ ၂၂ ရက်) မှာ တခမ်းတနားဖြင့် ကျင်းပပြီးစီးခဲ့ပါတယ်။

(ဧကရာဇ် နာရူဟီတိုက ဂျပန်ထီးနန်းကိုစိုးစံပြီဖြစ်ကြောင်း ကြေညာစဉ်) (Photo: EPA)

နာရူဟီတိုက အသက် ၈၅ နှစ်အရွယ် ဖခင်ဖြစ်သူ ဧကရာဇ်အကီဟီတို ကျန်းမာရေးကြောင့် ထီးနန်းစွန့်ခဲ့ပြီးနောက် ယခုနှစ် မေလ ၁ ရက်နေ့မှာ ဂျပန်ဧကရာဇ် အရိုက်အရာကို ဆက်ခံခဲ့ခြင်းဖြစ်ပြီး ယနေ့မှာ တရားဝင် ထီးနန်းတက်ပွဲကို ဂျပန်ထီးနန်းရဲ့ ရိုးရာဓလေ့များအတိုင်း ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။



အကီဟီတိုဟာ ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ထီးနန်းစွန့်တဲ့ ပထမဆုံး ဧကရာဇ်လည်း ဖြစ်ခဲ့ပါတယ်။ ဧကရာဇ်နာရူဟီတို ထီနန်းတက်ပွဲအတွက် အများပြည်သူမြင်ကွင်းမှာ လှည့်လည်မှုကိုတော့ ဂျပန်မှာ လူ ၈၀ ထက်မနည်း သေဆုံးခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ် တိုက်ခတ်ခဲ့ပြီးနောက် ရွှေ့ဆိုင်းထားခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(ထီးနန်းတက်ပွဲသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်) (Photo: Anadolu Agency via Getty Images)

ယနေ့ကျင်းပပြုလုပ်တဲ့ ဂျပန်ဧကရာဇ် နာရူဟီတို ထီနန်းတက်ပွဲအခမ်းအနားသို့ နိုင်ငံပေါင်း ၁၈၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊ ဘုရင်နဲ့ တော်ဝင်မိသားစုဝင်များ၊ ထိပ်တန်းအဆင့် တာဝန်ရှိသူများ အပါအဝင် အထူးဧည့်သည် ၂,၀၀၀ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ဧကရာဇ် ထီးနန်းတက်ပွဲကို တက်ရောက်ခဲ့ပါတယ်။

အသက် ၅၉ နှစ်အရွယ် ဧကရာဇ်နာရူဟီတိုနဲ့ အသက် ၅၅ နှစ်အရွယ် မိဖုရားမာဆာကိုတို့ဟာ မေလအတွင်းမှာ အခမ်းအနားတစ်ရပ်ဖြင့် ထီးနန်းလွှဲပြောင်းရယူခဲ့ပေမဲ့ ယနေ့မှာတော့ ပိုမိုအသေးစိတ် စီစဉ်ထားတဲ့ ထီးနန်းတက်ပွဲနဲ့အတူ ဂျပန်ဧကရာဇ် အပြောင်းအလဲကို ကမ္ဘာသို့ တရားဝင် ကြေညာခဲ့ပါတယ်။

(ဂျပန်ဧကရာဇ်နှင့် မိဖုရားကို ထီးနန်းတက်ပွဲတွင် တွေ့ရစဉ်) (Photo: EPA)

ဂျပန်နိုင်ငံမှာ ဧကရာဇ်တစ်ပါး ထီးနန်းတက်ပွဲကို လွန်ခဲ့တဲ့ ၂၉ နှစ်ဖြစ်တဲ့ ၁၉၉၀ ပြည့်နှစ်မှာ နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ကြရတာလည်း ဖြစ်ပါတယ်။ ထိုစဉ်က နာရူဟီတိုရဲ့ ဖခင်ဖြစ်သူ ဧကရာဇ်အကီဟီတိုရဲ့ ထီးနန်းတက်ပွဲဖြစ်တယ်လို့ သိရပါတယ်။

ယနေ့ ကျင်းပပြုလုပ်တဲ့ ဂျပန်ဧကရာဇ် ထီးနန်းတက်ပွဲမှာ ရိုးရာအစဉ်အလာအတိုင်း တော်ဝင်အခြွေအရံတွေက ဧကရာဇ်နဲ့ မိဖုရားတို့ရှိနေကြတဲ့ ပလ္လင်တော်များကို ကာရံထားတဲ့လိုက်ကာများအား ဖွင့်လှစ်ခဲ့ကြပါတယ်။ ထို့နောက် ဧကရာဇ်နာရူဟီတိုက ဂျပန်ဧကရာဇ်အဖြစ် ထီးနန်းကို စိုးစံပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ဂျပန်ပြည်သူများ ပျော်ရွှင်မှုအတွက်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုမွန်းကောင်းတောင်းကြောင်း ပြောပါတယ်။

(ဂျပန်ဧကရာဇ် နာရူဟီတို) (Photo: AFP)

"ဂျပန်နိုင်ငံနဲ့ ဂျပန်ပြည်သူတွေရဲ့စည်းရုံးမှု သင်္ကေတအဖြစ် ကျွန်ုပ်ရဲ့တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ပါမယ်" လို့ ဧကရာဇ်နာရူဟီတိုက ကတိပြုခဲ့ပါတယ်။ ထီးနန်းတက်ပွဲ အခမ်းအနားမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ဂုဏ်ပြုမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး မိန့်ခွန်းအပြီးမှာ 'ဧကရာဇ် သက်တော်ရှည်ပါစေ' လို့ ကြွေးကြော်အော်ဟစ်ခဲ့ကြကြောင်း သိရပါတယ်။

ဂျပန်ထီးနန်းရဲ့ ၁၂၆ ဆက်မြောက် ဧကရာဇ်ဖြစ်လာတဲ့ နာရူဟီတိုဟာ မိဖုရားမာဆာကိုနဲ့ ၁၉၉၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အိုက်ကို (မင်းသမီးတိုရှီ) အမည်ရှိ တစ်ဦးသော သမီးတစ်ဦးရှိပါတယ်။ ဧကရာဇ်နာရူဟီတိုရဲ့ မိဖုရားမာဆာကိုဟာ ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

(ထီးနန်းစွန့်ခဲ့သည့် ဧကရာဇ်နာရူဟီတိုရဲ့ဖခင် အကတီဟိုနှင့် ဇနီးမီချီကို) (Photo: Royal Central)

ဧကရာဇ်နာရူဟီတိုကတော့ ၁၉၈၂ ခုနှစ် မတ်လမှာ တိုကျိုရှိ ပုဂ္ဂလိကတက္ကသိုလ် Gakushuin University မှ Bachelor of Letters ဘွဲ့ရရှိခဲ့ပါတယ်။ နာရူဟီတိုဟာ ၁၉၈၃ ခုနှစ် ဇူလိုင်လမှာ အင်္ဂလိပ်ဘာသာကို သုံးလပြတ်လေ့လာသင်ယူခဲ့ပြီးနောက် ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ်ရဲ့ Merton ကောလိပ်ကို တက်ရောက်ခဲ့ပါတယ်။

ဧကရာဇ်နာရူဟီတိုက ၁၉၈၆ ခုနှစ်အထိ Merton ကောလိပ်မှာ ပညာသင်ယူခဲ့ကြောင်း သိရပါတယ်။ ၎င်းဟာ သဘာဝရေအရင်းအမြစ် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို စိတ်ဝင်စားသူတစ်ဦး ဖြစ်ပါတယ်။ ဧကရာဇ်နာရူဟီတိုက တယောထိုးခြင်း၊ ဖြေးဖြေးမှန်မှန်ပြေးခြင်း၊ ခြေလျင်ခရီးထွက်ခြင်းနဲ့ တောင်တက်ခြင်းတို့ကို ဝါသနာပါသူဖြစ်တယ်လို့ ဆိုပါတယ်။



Share

Loading Next Article...
က္က