နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကြီးမားတဲ့ ငါးမန်းဖြူတစ်ကောင် စပိန်နိုင်ငံ မြေထဲပင်လယ်ကျွန်း Majorca ကမ်းလွန် ပင်လယ်ပြင်မှာ ကူးခတ်သွားလာနေတာ တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရပါတယ်။
Majorca ကျွန်းကမ်းလွန် Cabrera ကျွန်းဆွယ် အနီးတဝိုက် ပင်လယ်ပြင်မှာ လှည့်လည်သွားလာနေတဲ့ ငါးမန်းဖြူကြီးကို တိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တစ်ဖွဲ့က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ငါးမန်းဖြူကြီးကို တွေ့ခဲ့ရသည့် နေရာပြမြေပုံ
ငါးမန်းဖြူကြီးတစ်ကောင်ကို အလားတူ နောက်ဆုံးတွေ့ရှိခဲ့ရမှုဟာ Balearic ကျွန်းစုအနီးမှာ ၁၉၇၆ ခုနှစ်အတွင်း ငါးဖမ်းသမားတစ်ဦးက တွေ့ရှိခဲ့မှု ဖြစ်ပါတယ်။
ငါးမန်းဖြူကြီးတွေဟာ အလေးချိန် ၂ တန်အထိရှိနိုင်ပြီး အရှည် ပေ ၂၀ အထိ ကြီးထွားနိုင်ကာ တစ်နာရီလျှင် မိုင် ၄၀ နှုန်းဖြင့် ကူးခတ်သွားလာနိုင်တယ်လို့ ဆိုပါတယ်။ ယခုတွေ့ရှိရတဲ့ ငါးမန်းဖြူကြီးကတော့ အရှည် ၁၆ ပေခွဲရှိတယ်လို့ ဆိုပါတယ်။
၁၆ ပေခွဲရှည်သည့် ငါးမန်းဖြူကြီး
"ငါးမန်းဖြူကြီးတွေ စပိန်ရေပြင်မှာရှိတယ်ဆိုတာက မကြာခဏ ကြားရလေ့ရှိတဲ့ ကောလာဟလတစ်ခုပဲ ဖြစ်နေခဲ့တာပါ၊ ငါးမန်းဖြူတွေရှိတယ်ဆိုတာကို နှစ်ပေါင်းအတန်ကြာအတွင်း ကျွန်တော်တို့ မှတ်တမ်းမတင်နိုင်ခဲ့ပါဘူး" လို့ ဇီဝဗေဒပညာရှင်နဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်သူ ဖာနန်ဒိုလိုပက်ဇ် မီရိုနက်စ်က Efe သတင်းဌာနကို ပြောခဲ့ပါတယ်။
တိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ Alnitak နဲ့အတူ သိပ္ပံပညာရှင်တွေက ငါးမန်းဖြူကြီးကို တစ်နာရီကျော်ကြာ စောင့်ကြည့်မှတ်တမ်းတင်ခဲ့တယ်လို့ ၎င်းကဆိုပါတယ်။
Majorca ကျွန်း မြင်ကွင်းတစ်ခု
"သင်္ဘောကနေ သုံးပေကျော်အကွာမှာ ကူးခတ်သွားလာနေတဲ့ ငါးမန်းဖြူကြီးကို မိနစ် ၇၀ နီးပါးကြာအောင် ကျွန်တော်တို့ စောင့်ကြည့်ခဲ့ကြပါတယ်" လို့ ဖာနန်ဒိုလိုပက်ဇ်က စပိန်သတင်းစာ El País ကို ပြောပါတယ်။
၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုအရ Balearic ကျွန်းစုတဝိုက်မှာ ၁၉၂၀ ခုနှစ်နဲ့ ၁၉၇၆ ခုနှစ်ကြား ငါးမန်းဖြူကြီး ၂၇ ကောင်ကို ငါးဖမ်းသမားတွေက ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။