ဧကရာဇ်အကီဟီတိုက သားဖြစ်သူကို ထီးနန်းအရိုက်အရာ လွှဲပြောင်းပေးမှာဖြစ်ပါတယ်။

ဂျပန်ဧကရာဇ် အကီဟီတိုက နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ပထမဆုံးအကြိမ် ထီးနန်းစွန့်လွှတ် လွှဲပြောင်းပေးအပ်တဲ့ ဧကရာဇ်တစ်ပါး ဖြစ်လာပါတယ်။

(ဂျပန်ဧကရာဇ် အကီဟီတို) (Photo: AFP)

ဧကရာဇ်အကီဟီတို (Emperor Akihito) က ယနေ့ (ဧပြီ ၃၀ ရက်) မှာ ထီးနန်းစွန့်လွှတ်ပြီး ၎င်းရဲ့သားဖြစ်သူကို ထီးနန်းအရိုက်အရာ လွှဲပြောင်းပေးခဲ့ပါတယ်။ အသက် ၈၅ နှစ်အရွယ် ဧကရာဇ်အကီဟီတိုက ထီးနန်းအရိုက်အရာကို အသက် ၅၉ နှစ်အရွယ် အိမ်ရှေ့မင်းသား နာရူဟီတို (Crown Prince Naruhito) ကို လွှဲပြောင်းပေးအပ်ပြီး 'Reiwa' လို့ အမည်ပေးထားတဲ့ အင်ပါယာခေတ်သစ်ကို စတင်မှာလည်းဖြစ်ပါတယ်။



ဧကရာဇ် ထီးနန်းစွန့်ခြင်းနဲ့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား အစီအစဉ်ကို ယနေ့မနက်ပိုင်းမှာ စတင်ခဲ့ကြောင်းလည်း သိရပါတယ်။ သို့သော် အခမ်းအနားရဲ့ အဓိက အစီအစဉ်ကိုတော့ ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။

(ဂျပန်ဧကရာဇ် ထီးနန်းစွန့်လွှတ်မှုနဲ့ လွှဲပြောင်းမှုအခမ်းအနား) (Photo: Reuters)

ထိုအချိန်မှာ ဧကရာဇ်အကီဟီတိုက ထီးနန်းစွန့်လွှတ်မှုကို ဧကရာဇ်နန်းတော်ရဲ့ အခမ်းနားဆုံးဖြစ်တဲ့ 'Matsu-no-Ma' (Room of Pine) ခန်းမဆောင်မှာ ၁၀ မိနစ်ကြာ အခမ်းအနားဖြင့် ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ သို့သော် အိမ်ရှေ့မင်းသား နာရူဟီတိုဟာ ယနေ့ညသန်းခေါင်အချိန် မတိုင်မီအထိ ဂျပန်ဧကရာဇ် ဖြစ်လာမှာမဟုတ်သေးပါဘူး။

မင်းသားနာရူဟီတိုက ဗုဒ္ဓဟူးနေ့ (မေလ ၁ ရက်) ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၂၀ မိနစ်မှာတော့ ထီးနန်းအမွေ မင်းမြှောက်တန်ဆာကို ဒုတိယအခမ်းအနားဖြင့် ဆက်ခံသွားမှာဖြစ်ပြီး မကြာမီမှာ ဂျပန်ဧကရာဇ်အနေနဲ့ ပြည်သူလူထုကို မိန့်ခွန်းပြောမယ်လို့ သိရပါတယ်။

(ထီးနန်းအရိုက်အရာကိုဆက်ခံမယ့် အိမ်ရှေ့မင်းသား နာရူဟီတို) (Photo: Getty Images)

မနက်ဖြန် မေလ ၁ ရက်မှာ ကျင်းပပြုလုပ်မယ့် အခမ်းအနားကိုတော့ အမျိုးသမီးအရေအတွက် တစ်ဦးတည်းသာ တက်ရောက်ခွင့်ရကြောင်းလည်း သိရပါတယ်။ အဆိုပါ အမျိုးသမီးကတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး အစိုးရအဖွဲ့ရဲ့ တစ်ဦးတည်းသော အမျိုးသမီး အစိုးရအဖွဲ့ဝင်ဖြစ်ပါတယ်။ တော်ဝင်မိသားစုဝင် အမျိုးသမီးတွေကိုလည်း ထိုအခမ်းအနားသို့ တက်ရောက်ခွင့်တားမြစ်ထားတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

(နန်းတော်အပြင်ဘက်မှာ ဂျပန်ပြည်သူများ စုရုံးနေမှု) (Photo: Reuters)

ဧကရာဇ်အကီဟီတို ထီးနန်းစွန့်မှုနဲ့ ထီးနန်းအရိုက်အရာ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို ယနေ့ မနက်ပိုင်းမှစပြီး သက်ဆိုင်ရာ အခန်းတွေထဲမှာ တံခါးပိတ် ကျင်းပပြုလုပ်တာ ဖြစ်ပေမဲ့ လူအုပ်စုအနည်းငယ်က တိုကျိုမြို့ရှိ ဧကရာဇ်နန်းတော်အပြင်ဘက်မှာ လာရောက်စုံရုံးခဲ့ကြပါတယ်။

ဂျပန်ဧကရာဇ် အကီဟီတိုက ၎င်းရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် ထီးနန်းစွန့်လိုကြောင်း ၂၀၁၆ ခုနှစ်မှာ ကြေညာခဲ့ရာ ဂျပန်တစ်နိုင်ငံလုံး အံ့အားသင့်ခဲ့ကြရပါတယ်။ ဧကရာဇ်အကီဟီတိုဟာ ဆီးကျိတ်ကင်ဆာ ကုသမှုခံယူခဲ့ပြီး နှလုံးခွဲစိတ်ကုသမှုလည်း ခံယူခဲ့ပါတယ်။

(ဂျပန်တော်ဝင်မိသားစု အစဉ်အဆက်)

အကီဟီတိုဟာ ၎င်းရဲ့ဖခင် ဧကရာဇ် ရှိုဝါ (ဟီရိုဟီတို) ကွယ်လွန်ခဲ့ပြီးနောက် ၁၉၈၉ ခုနှစ် ဇန်နဝါရီ ၇ ရက်မှာ ဂျပန်ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ အကီဟီတိကို ဂျပန်ဧကရာဇ်အဖြစ် တင်မြှောက်တဲ့အခမ်းအနားကိုတော့ ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က