ဂေါ့သစ် ဗိသုကာလက်ရာပုံစံ ခရစ်ယာန်ဘုရားကျောင်း ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ရှိ ထင်ရှားတဲ့ Notre-Dame ခရစ်ယာန်ဘုရားကျောင်းမှာ မီးလောင်မှုအကြီးအကျယ် ဖြစ်ပွားခဲ့ပြီး အဆောက်အအုံတစ်ခုလုံးကို လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။

(Photo: AFP/Getty Images)

ဧပြီ ၁၅ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ ဘုရားကျောင်း မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။ အာဏာပိုင်တွေကတော့ ပြုပြင်မွမ်းမံမှုတွေ လုပ်ဆောင်ခြင်းနဲ့ ဆက်နွယ်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ဆိုရှယ်မီဒီယာနဲ့ သတင်းမီဒီယာ ဓာတ်ပုံတွေအရ ဘုရားကျောင်းအပေါ်ဘက်မှာ မီးခိုးများ ထူထပ်စွာထွက်ရှိနေပြီး ကြီးမားတဲ့ မီးတောက်ကိုမြင်တွေ့ရပါတယ်။



(Photo: AP)

ယခု မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဂေါ့သစ် (Gothic) ဗိသုကာလက်ရာပုံစံ ခရစ်ယာန်ဘုရားကျောင်းကြီး စတင်ဆောက်လုပ်ခြင်း အုတ်မြစ်ချမှုကို ၁၁၆၃ ခုနှစ်မှာ ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်မှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၈၅၀ ကျော်ရှိပြီလည်း ဖြစ်ပါတယ်။ Notre-Dame ခရစ်ယာန်ဘုရားကျောင်းကြီးကို ၁၃၄၅ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။ ဘုရားကျောင်းမီးလောင်မှုကို ငြှိမ်းသတ်နိုင်ရန် မီးသတ်သမား ၄၀၀ က ကြိုးပမ်းနေပြီး အနီးပတ်ဝန်းကျင် အဆောက်အအုံများမှ လူတွေကို ရွှေ့ပြောင်းထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

(Photo: EPA)

Notre-Dame ဘုရားကျောင်းမီးလောင်မှု ဖြစ်ပွားခဲ့မှုကြောင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က နိုင်ငံကို မိန့်ခွန်းပြောကြားရန် စီစဉ်ထားမှုကို ဖျက်သိမ်းလိုက်တယ်လို့ အယ်လီဆေး သမ္မတနန်းတော်က ထုတ်ပြန်ပါတယ်။ ပါရီမြို့တော်ဝန် Anne Hidalgo က ဘုရားကျောင်းမီးလောင်မှုဟာ ကြောက်မက်ဖွယ်ရာဖြစ်ကြောင်းနဲ့ အများပြည်သူအနေနဲ့ မီးသတ်တပ်ဖွဲ့ရဲ့ ညွန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပါတယ်။
မီးလောင်မှုကြောင့် ဘုရားကျောင်းခေါင်ချွန်းနဲ့ အမိုးများ ပြိုကျခဲ့ပေမဲ့ တာဝါနှစ်ခု အပါအဝင် အဓိက အစိတ်အပိုင်းနေရာတွေကတော့ မီးလောင်ပျက်စီးမှု မရှိခဲ့ပါဘူး။ မီးလောင်ပျက်စီးခဲ့တဲ့ Notre-Dame ဘရားကျောင်းကို ပြန်လည်တည်ဆောက်သွားမယ်လို့ ပြင်သစ်သမ္မတမက်ခရွန်က ပြောပါတယ်။ Notre-Dame ဘရားကျောင်း မီးလောင်မှုကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် ရှေးခေတ်ဗိသုကာလက်ရာတွေ ပျက်စီးဆုံးရှုံးရမှုအပေါ် နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် ကမ္ဘာတစ်ဝှမ်းက နှမြောတသဖြစ်ခဲ့ကြပါတယ်။

(Photo: AP)

UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ ပါရီမြို့လယ်ရှိ Notre-Dame ခရစ်ယာန်ဘုရားကျောင်းကို နှစ်စဉ် ဝတ်ပြုဆုတောင်းသူ သန်းနဲ့ချီ လာရောက်လေ့ရှိပါတယ်။ အဆိုပါ ဘရားကျောင်းကြီးရဲ့ ကျောက်ပြားမှာ အက်ကွဲရာများ ဖြစ်ပေါ်လာခဲ့ရာမှ အဆောက်အအုံ ခိုင်ခံ့မှုအပေါ် စိုးရိမ်မှုတွေရှိလာခဲ့ပြီးနောက် လက်ရှိမှာ ပြုပြင်မွမ်းမံမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

Source: BBC, AFP, NBC News


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က