သစ်တောပြုန်းတီးမှုနဲ့ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရန် ရည်ရွယ်ပါတယ်။
Ko John

အသက်ရှစ်နှစ်အရွယ် မက္ကစီကို မိန်းကလေးငယ်တစ်ဦးက နေရောင်ခြည်စွမ်းအင်သုံး ရေအပူပေးကိရိယာ တီထွင်ခဲ့မှုအတွက် နျူကလီးယားသိပ္ပံဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

(Photo: Imagen News)

သူမရဲ့ တီထွင်ဖန်တီးမှုက ကမ္ဘာတစ်ဝှမ်းမှ အတုယူဖွယ်ရာလည်း ဖြစ်ပါတယ်။ မက္ကစီကိုနိုင်ငံ Chiapas ပြည်နယ်မှာနေထိုင်တဲ့ Xóchitl Guadalupe Cruz အမည်ရှိ ရှစ်နှစ်သမီးလေးက နေရောင်ခြည်စွမ်းအင်းကိုသာ အပြည့်အဝ အသုံးပြုတဲ့ ရေအပူပေးစက်ကို တီထွင်ခဲ့မှုအတွက် National Autonomous University of Mexico (UNAM) ရဲ့ နျူကလီးယားသိပ္ပံပညာအဖွဲ့အစည်းက သူမကို ဆုချီးမြှင့်ခဲ့ပါတယ်။



(Photo: Mexico News Daily)

Cruz ရဲ့ ယခု တီထွင်မှုဟာ ရေပူရေအေးရရှိမှု အထူးအဆန်းမဟုတ်တော့တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ပြောင်းလဲမှုကြီးတစ်ခုအဖြစ် မထင်ရပေမဲ့ သူမ နေထိုင်ရာမြို့ငယ်လေး အပါအဝင် ကမ္ဘာ့နေရာဒေသ အများအပြားမှာတော့ ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်နေပါတယ်။ Cruz တီထွင်လိုက်တဲ့ နေရောင်ခြည်စွမ်အင်းသုံး ရေအပူပေးစက်က သစ်တောပြုန်းတီးမှုနဲ့ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရန် ရည်ရွယ်ထားပါတယ်။

(Photo: @SafeLiveAlert/Twitter)

ဒါ့အပြင် သူမက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက်လည်း ပြန်လည်အသုံးပြုနိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေကိုသုံးပြီး သူမရဲ့ နေရောင်ခြည်စွမ်းအင်သုံး ရေအပူပေးကိရိယာကို ပြုလုပ်သွားမယ်လို့ ပြောထားပါတယ်။ Cruz ရဲ့ မိသားစုက သမီးဖြစ်သူ တီထွင်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး ရေအပူပေးကိရိယာကို အိမ်ခေါင်မိုးပေါ်မှာ တပ်ဆင်အသုံးပြုထားပြီး ချက်ပြုတ်ခြင်းကနေ ရေချိုးခြင်းအထိ ရေပူကို ရရှိအသုံးပြုနေပြီလည်း ဖြစ်ပါတယ်။

(Photo: LaCiudaddelasIdeas - CDI)

ရှစ်နှစ်သမီး Cruz ရဲ့ တီထွင်မှုဟာ ကမ္ဘာတစ်ဝှမ်း ရေအပူပေးရန် အဓိက လောင်စာအရင်းအမြစ်အဖြစ် ထင်းမီး (သစ်သား) ကို မှီခိုအားထားနေရဆဲ သန်းနဲ့ချီတဲ့ လူတွေအတွက် နေ့စဉ်လူမှုဘဝ ပိုမိုကောင်းမွန်လာနိုင်စေမယ့် အလားအလာရှိနေပါတယ်။ "ရေအပူပေးဖို့အတွက် နောက်ထပ် သစ်ပင်တွေခုတ်ရမှာ မဟုတ်တော့ပါဘူး" လို့ Cruz က မက္ကစီကို သတင်းဌာန Imagen News ကိုု ပြောခဲ့ပါတယ်။

Source: CDI, Mexico News Daily, Imagen News


Author


က္က