အလွန်ဆိုးရွားတဲ့ ဒီအခြေအနေ ဖြစ်ခဲ့သားဆိုတာ ကျွန်တော်တို့ မခြွင်းမချန် စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်
Ko John

COVID-19 ကပ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုကနေ စတင်ခဲ့ခြင်းဟုတ် မဟုတ် စိစစ်သိရှိနိုင်ရန် ၎င်းရဲ့အစိုးရက ကြိုးပမ်းနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအိုကလည်း တရုတ်အစိုးရအနေနဲ့ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ၎င်းတို့ သိထားတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ရန်လိုအပ်ကြောင်း ပြောခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ရဲ့ရင်းမြစ်ဟာ ပဟေဠိဖြစ်နေဆဲ ဖြစ်ပါတယ်။

အမေရိကန်ထောက်လှမ်းရေးရဲ့ အဆိုအရ ဗိုင်းရပ်စ်ကို သဘာဝအလျောက်တွေ့ရှိခဲ့တာ ဖြစ်နိုင်ဖွယ်ရှိပြီး ဆန့်ကျင်ဘက်အနေနဲ့ ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံရှိ ဓာတ်ခွဲခန်းတစ်ခုမှာ ဖန်တီးခဲ့ကြောင်း အယူအဆလည်းရှိနေပေမဲ့ နှစ်ခုလုံးဟာ တိကျသေချာခြင်းမရှိကြောင်း အမေရိကန်စစ်ဘက်မှ ထိပ်တန်းဗိုလ်ချုပ်ကြီး Mark Milley က အင်္ဂါနေ့ (ဧပြီ ၁၄ ရက်) မှာ ပြောပါတယ်။

(Photo: Reuters)

Fox News သတင်းဌာရဲ့ ဗုဒ္ဓဟူးနေ့ (ဧပြီ ၁၅ ရက်) သတင်းမှာတော့ ဗိုင်းရပ်စ်ကို ဝူဟန်ဓာတ်ခွဲခန်းမှာ ဖန်တီးခဲ့ပြီး ဇီဝလက်နက်တစ်ခု မဟုတ်ခဲ့ကြောင်း၊ သို့သော် တရုတ်အစိုးရက ၎င်းရဲ့ အစွမ်းအစနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်ခြင်းက အမေရိကန်ရဲ့ စွမ်းဆောင်နိုင်မှုတွေနဲ့ တန်းတူညီကြောင်း သို့မဟုတ် ပိုမိုကြီးမားကြောင်း သက်သေပြချင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ထိုသတင်းနဲ့ အခြား သတင်းတွေက ဝူဟန်ဓာတ်ခွဲခန်းမှာ ဗိုင်းရပ်စ် စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဘေးကင်းလုံခြုံမှု လျော့ရဲခဲ့ရာမှ တစ်စုံတစ်ဦးထံ ဗိုင်းရပ်စ်ကူးစက်သွားပြီးနောက် ဓာတ်ခွဲခန်း အနီးအနားရှိ သားစိမ်းငါးစိမ်းရောင်းချတဲ့ဈေးမှာ ကူးစက်ပျံ့နှံ့သွားခဲ့ကြောင်း ဖော်ပြထားကြပါတယ်။

(Photo: Reuters)

ဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းကနေ လွတ်ထွက်လာကြောင်း သတင်းတွေနဲ့ပတ်သက်ပြီး အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရန့်ကို မေးမြန်းခဲ့ရာ ထိုသတင်းကို သိရှိထားကြောင်း ဖြေကြားခဲ့ပါတယ်။ "အလွန်ဆိုးရွားတဲ့ ဒီအခြေအနေ ဖြစ်ခဲ့သားဆိုတာ ကျွန်တော်တို့ မခြွင်းမချန် စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်" လို့ ထရန့်က ပြောပါတယ်။

ဆက်လက်ပြီး ဗိုင်းရပ်စ်နဲ့ ဓာတ်ခွဲခန်းကိစ္စကို တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ စကားပြောဆိုခဲ့ခြင်း မရှိသေးကြောင်းနဲ့ ယခုအချိန်မှာ ထိုကိစ္စကို ဆွေးနွေးပြောဆိုရန် မသင့်လျော်သေးဘူးလို့လည်း သမ္မတထရန့်က ဆိုပါတယ်။ ဝူဟန်မြို့ရှိ ဗိုင်းရပ်စ်များစမ်းသပ်ရာ Institute of Virology ဓာတ်ခွဲခန်းဟာ ကူးစက်မှုတွေ စတင်ဖြစ်ပွားတဲ့နေရာအဖြစ် တရုတ်အစိုးရက ပြောထားတဲ့ သားစိမ်းငါးစိမ်းဈေးနဲ့ မိုင်အနည်းငယ်မျှသာအကွာမှာ တည်ရှိကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

(Photo: Noel Celis/AFP via Getty Images)

ယနေ့ (ဧပြီ ၁၆ ရက်) ညနေပိုင်းအထိ စာရင်းတွေအရ ဗိုင်းရပ်စတင်တွေ့ရှိရာ တရုတ်မှာ ကူးစက်ခံရသူ ၈၂,၃၄၁ ဦး၊ သေဆုံးသူ ၃,၃၄၂ ဦးရှိခဲ့ပေမဲ့ အမေရိကန်မှာတော့ ကူးစက်ခံရသူ ၆၄၄,၃၄၈ ဦးနဲ့ သေဆုံးသူ ၂၈,၅၅၄ ဦးအထိ မြင့်တက်နေခဲ့ပြီး ကူးစက်မှုနဲ့သေဆုံးမှုဟာ တရုတ်ထက် အလွန်သိသာစွာ ပိုများနေခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်း နိုင်ငံများအနက် ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်။


က္က