COVID-19 ရောဂါဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှ အခြားနေရာများသို့ ခရီးသွားခြင်း တားမြစ်ပိတ်ပင်မှု အပါအဝင် lockdown လုပ်ထားမှု ရုပ်သိမ်းလိုက်ပြီဖြစ်ရာ ထောင်သောင်းချီတဲ့ ခရီးသွားများ မြို့ပြင်ထွက်ရန် ဘူတာရုံမှာ ရောက်ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။
(Photo: AFP)
ဝူဟန်မှာ အဝင်အထွက်ပိတ်ပင်ပြီး ၂ လကျော်ကြာ (၇၆ ရက်) lockdown လုပ်ထားမှုကို ဒေသစံတော်ချိန် ဧပြီ ၇ ရက် ညသန်းခေါင်က ရုပ်သိမ်းလိုက်ပြီဖြစ်ရာ ယနေ့ (ဧပြီ ၈ ရက်) မနက်အစောပိုင်းမှာ ဘူတာရုံကို ခရီးသွား ထောင်နဲ့ချီ ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ lockown လုပ်ထားမှု ပြီးဆုံးချိန်မှာ ဝူဟန်မြို့ခံ ခရီးသွားတွေဟာ မြို့မှထွက်ရန် စိတ်အားထက်သန်နေကြပြီး ပျော်ရွှင်နေကြပါတယ်။
"ဝူဟန်က ဒီကပ်ရောဂါကာလမှာ အများကြီး ဆုံးရှုံးခဲ့ရတယ်၊ ဝူဟန်မြို့ခံတွေဟာ တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတာပါ၊ အခုတော့ lockdown မရှိတော့ဘူး၊ ကျွန်တော်တို့အားလုံး တော်တော်ပျော်နေကြတယ် ထင်ပါတယ်" လို့ အသက် ၂၁ နှစ်အရွယ် မျိုးရိုးအမည် Yao အမည်ရှိ အမျိုးသားက ပြောပါတယ်။ ၎င်းဟာ ဝူဟန်မြို့ကနေ ၎င်းရဲ့ စားသောက်ဆိုင်အလုပ်ရှိရာ ရှန်ဟိုင်းမြို့ကို ပြန်မယ့်သူလည်း ဖြစ်ပါတယ်။
(Photo: AFP)
အစိုးရရဲ့ ခန့်မှန်းချက်အရ ဝူဟန်မြို့ကနေ ယနေ့ထွက်ခွာမယ့် ရထားခရီးစဥ်တွေမှာ လူဦးရေ ၅၅,၀၀၀ အထိ လိုက်ပါသွားကြမယ်လို့လည်း သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု စတင်တွေ့ရှိရာ ဝူဟန်မြို့ကို ဇန်နဝါရီ ၂၃ ရက်နေ့ကတည်းက အဝင်အထွက်၊ အသွားအလာ ပိတ်ပင်ပြီး lockdown လုပ်ထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ လျော့ကျသွားခဲ့ပြီး အသွားအလာ ပိတ်ပင်ကန့်သတ်မှုတွေကို စတင်ဖြေလျော့ပေးနေပါတယ်။ ဧပြီ ၇ ရက် စာရင်းတွေအရလည်း တရုတ်မှာ ပထမဆုံးအကြိမ် COVID-19 ကြောင့် သေဆုံးမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
(Photo: AFP)
ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေဟာ တရုတ်မှာ လျော့ကျသွားခဲ့ပေမဲ့ အမေရိကန်၊ အီရန်၊ ဗြိတိန်နဲ့ အီတလီ၊ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ တူရကီ၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန် အစရှိတဲ့ ဥရောပနိုင်ငံတွေမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ တရိပ်ရိပ် တိုးမြင့်လာနေခဲ့ပါတယ်။ ဧပြီ ၇ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၄၁၂,၃၅၆ ဦး၊ သေဆုံးသူ ၈၁,၀၉၇ ဦးနဲ့ ပြန်လည်သက်သာလာသူ ၃၀၁,၁၆၆ ဦးရှိကြောင်း သိရပါတယ်။
Source: AFP