ထိုင်းအမျိုးသားတစ်ဦးက ဆယ်ကျော်သက်အရွယ်မှာ ၎င်းကို အနိုင်ကျင့် ဗိုလ်ကျခဲ့သူအား နှစ်ပေါင်း ၅၃ နှစ် ကြာပြီးနောက် ကျောင်းသူကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲအတွင်း ပစ်သတ်ပြီး လက်စားချေမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
(ပစ်သတ်ခံရသည့် Suthat ၏ ဈာပန ပြင်ဆင်ထားစဉ်) (Photo: ViralPress)
အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Thanapat Anakesri ဟာ စနေနေ့ (သြဂုတ် ၂၄ ရက်) မွန်းလွဲပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံအလယ်ပိုင်း Ang Thong ပြည်နယ်ရှိ ကျောင်းမှ ကျောင်းနေဖက်များ တွေ့ဆုံပွဲကို တက်ရောက်ခဲ့ပါတယ်။
အဆိုပါ တွေ့ဆုံပွဲမှာ ကျောင်းသူကျောင်းသားဟောင်းတွေက ဆယ်ကျော်သက်အရွယ်မှ အမှတ်တရတွေကို ထိုင်းအစားအစာ ဘူဖေးနဲ့ ဝိုင်များ စားသောက်ကြရင်း ပြန်လည်ပြောဆိုကြပြီး ပျော်ရွှင်စရာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းသူကျောင်းသားဟောင်းတွေက ဘူဖေးစား ဝိုင်သောက်ပြီးနောက် ရေခဲမုန့် အချိုတည်းခဲ့ကြပါသေးတယ်။ သို့သော် ပျော်ရွှင်စရာဖြစ်ခဲ့တဲ့ ပြန်လည်တွေ့ဆုံပွဲဟာ ဝမ်းနည်းကြေကွဲစရာနဲ့အတူ ပြီးဆုံးခဲ့ပါတယ်။
(အခင်းဖြစ်နေရာမှာ သဲလွန်စ ရှာဖွေစုဆောင်းနေစဉ်) (Photo: ViralPress)
ထိုတွေ့ဆုံပွဲမှာ Thanapat က ယခုအခါ အသက် ၆၉ နှစ်အရွယ်ဖြစ်တဲ့ Suthat Kosayamat နဲ့ ထိပ်တိုက်တွေ့ပြီး ၎င်းကို ဆယ်ကျော်သက်အရွယ်မှာ မည်သို့ အနိုင်ကျင့် ဗိုလ်ကျခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ Suthat က Thanapat ကို ၎င်းတို့နှစ်ဦးလုံး အသက် ၁၆ နှစ်အရွယ် ကျောင်းအတူတက်ခဲ့စဉ်က အနိုင်ကျင့် ဗိုလ်ကျခဲ့တယ်လို့ ဆိုပါတယ်။
စက်ချုပ်သမားတစ်ဦးဖြစ်သူ Suthat က ရေတပ်အရာရှိဟောင်းဖြစ်သူ Thanapat ပြောဆိုတဲ့ အနိုင်ကျင့် ဗိုလ်ကျမှုကိစ္စကို မမှတ်မိကြောင်း တုံ့ပြန်ခဲ့ရာမှာ ၎င်းတို့နှစ်ဦး အငြင်းအခုံဖြစ်ကာ စကားများခဲ့ကြတယ်လို့ Mirror သတင်းမှာ ဖော်ပြထားပါတယ်။
Thanapat က ၎င်းကို အနိုင်ကျင့် ဗိုလ်ကျခဲ့မှုအတွက် တောင်းပန်ရန် Suthat ကို စေခိုင်းခဲ့ပေမဲ့ Suthat က မတောင်းပန်ခဲ့ဘဲ ထိုကိစ္စကို မေ့ပစ်လိုက်ရန် ပြောခဲ့ပြီးနောက် သူငယ်ချင်းနှစ်ဦးကြား ရန်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် Thanapat က သေနတ်ဆွဲထုတ်ပြီး Suthat ကို ပစ်ခဲ့ကြောင်းသိရပါတယ်။
သူငယ်ချင်းဟောင်းကို သေနတ်ဖြင့်ပစ်ပြီးနောက် Thanapat က တွေ့ဆုံပွဲကနေ ထွက်ပြေးသွားခဲ့ပြီး အခြား ကျောင်းသူကျောင်းသားဟောင်းတွေက သေနတ်ပစ်ခံရတဲ့ Suthat ကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပါတယ်။ ဆေးရုံရောက်ပြီးနောက်မှာတော့ Suthat သေဆုံးသွားကြောင်း သိရပါတယ်။
(ငယ်စဉ်က အနိုင်ကျင့်တဲ့ သူငယ်ချင်းကို ပစ်သတ်ခဲ့သည့် Thanapat) (Photo: ViralPress)
တွေ့ဆုံပွဲကို စီစဉ်ခဲ့သူ အသက် ၆၉ နှစ်အရွယ် Tuean Klakang က Thanapat ဟာ အနိုင်ကျင့် ဗိုလ်ကျခံရမှုအကြောင်း မကြာခဏ ပြောခဲ့ဖူးပေမဲ့ ယခုကဲ့သို့ အလေးအနက်ကိစ္စကြီး ဖြစ်ခဲ့မယ်လို့ မယုံကြည်ခဲ့ကြောင်း ပြောပါတယ်။ Tuean က ၁၉၆၆ ခုနှစ်မှာ Thanapat နဲ့ Suthat တို့ တက်ရောက်ခဲ့တဲ့ အတန်းမှ အတန်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။
"Thanapat က မူးလာရင် Suthat အနိုင်ကျင့် ဗိုလ်ကျတာကြောင့် သူ ဘယ်လောက် စိတ်ဆိုးဒေါသထွက်တယ်ဆိုတာ မကြာခဏ ပြောလေ့ရှိတယ်၊ သူက အဲဒီကိစ္စကို ဘယ်တော့မှ မမေ့ဘူး၊ ဒါပေမဲ့ဗျာ ဒါတွေက ဟိုးအရင် အချိန်အတော်ကြာတုန်းက ဖြစ်ခဲ့တာတွေပါ၊ သူက သူ့သူငယ်ချင်းကို အခုလိုမျိုး သတ်ပစ်လိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူးဗျာ၊ ဒီဖြစ်ရပ်ကြောင့် ကျွန်တော်တို့အားလုံး ထိတ်လန့်တုန်လှုပ်မိပါတယ်" လို့ Tuean က ဖွင့်ဟပြောခဲ့ပါတယ်။
(အခင်းဖြစ်နေရာမှာ သဲလွန်စ ရှာဖွေစုဆောင်းနေစဉ်) (Photo: ViralPress)
ဆယ်ကျော်သက်အရွယ်မှာ အနိုင်ကျင့် ဗိုလ်ကျခဲ့တဲ့ သူငယ်ချင်းကို ၅၃ နှစ်ကြာပြီးနောက် လက်စားချေပစ်သတ်ကာ ထွက်ပြေးနေတဲ့ Thanapat ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။ Thanapat ဟာ ၎င်းရဲ့နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး အိမ်နီးချင်းပြည်နယ်တစ်ခုမှာ ပုန်းအောင်းနေတယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားကြောင်း သိရပါတယ်။