ယူအေအီးရဲ့ Hope Probe အင်္ဂါဂြိုဟ်လေ့လာရေးယာဥ်ကို ဂျပန်အာကာသစခန်းကနေ လွှတ်တင်လိုက်ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) ရဲ့ သမိုင်းဝင် ပထမဆုံး အင်္ဂါဂြိုဟ်လေ့လာရေးယာဥ်ကို ယနေ့ (ဇူလိုင် ၂၀ ရက်) ဂျပန်နိုင်ငံကနေ လွှတ်တင်လိုက်ပြီ ဖြစ်ပါတယ်။

(Photo: MBRSC)

ယူအေအီးက သိပ္ပံနဲ့နည်းပညာ စွမ်းဆောင်နိုင်ရည် တိုးတက်ဖွံ့ဖြိုးရန်နဲ့ ရေနံအပေါ် အားထားမှီခိုနေရခြင်းကို စွန့်ခွာရန် ကြိုးပမ်းနေပါတယ်။ Hope Probe လို့ အမည်ပေးထားတဲ့ ယူအေအီးရဲ့ အင်္ဂါဂြိုဟ် စူးစမ့်လေ့လာရေးယာဥ်ကို ဂျပန်နိုင်ငံ Tanegashima Space Center ကနေ ယနေ့ မနက်အစောပိုင်း ဂျပန်စံတော်ချိန် ၆ နာရီ ၅၈ မိနစ် (ယူအေအီးစံတော်ချိန် ၁ နာရီ ၅၈ မိနစ်) မှာ H2-A ဒုံးပျံဖြင့် လွှတ်တင်လိုက်တာ ဖြစ်ပါတယ်။



Hop Probe စူးစမ်းလေ့လာရေးယာဥ်ရဲ့ အင်္ဂါဂြိုဟ်ခရီးစဥ်ဟာ ခုနစ်လကြာမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ အင်္ဂါဂြိုဟ်သို့ ရောက်ရှိမှာဖြစ်ပါတယ်။ ထို့နောက် ဂြိုဟ်ကိုလှည့်ပတ်ပြီး စူးစမ်းလေ့လာမှု အချက်အလက်များ ကမ္ဘာမြေပြင်သို့ ပြန်လည်ပေးပို့ရန် စီစဥ်ထားကြောင်း သိရပါတယ်။ Hope Probe ယာဥ် အင်္ဂါဂြိုဟ်ကို ရောက်ရှိမယ့်အချိန်ဟာ ယူအေအီးနိုင်ငံ တည်ထောင်ခြင်း နှစ် ၅၀ ပြည့်နဲ့လည်း တိုက်ဆိုင်မယ်လို့ ဆိုပါတယ်။

အာရပ်နိုင်ငံတွေအနက် ပထမဆုံးဖြစ်တဲ့ ယူအေအီးရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ် လွှတ်တင်မှုကို မူလက ဇူလိုင် ၁၄ ရက်နေ့မှာ စီစဥ်ထားခဲ့ပေမဲ့ ရာသီဥတုဆိုးရွားမှုကြောင့် နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ရပါတယ်။ လက်ရှိမှာ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အစီအစဥ် ရှစ်ခုရှိနေရာ အချို့က ဂြိုဟ်ကိုလှည့်ပတ်ခြင်းနဲ့ အချို့က ဂြိုဟ်ပေါ်ကိုဆင်းသက်ခြင်းတို့ဖြင့် ဆောင်ရွက်နေကြပါတယ်။

(Photo: AFP)

တရုတ်နဲ့ အမေရိကန်ကလည်း ယခုနှစ်အတွင်း အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ် လွှတ်တင်ရန်စီစဥ်ထားပါတယ်။ အင်္ဂါဂြိုဟ်နဲ ကမ္ဘာတို့ အနီးဆုံးဖြစ်လာမယ့် အချိန်ကာလမှာ ထိုသို့ လွှတ်တင်ရန် တရုတ်နဲ့အမေရိကန်က ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ အမေရိကန် အာကာသဆိုင်ရာအဖွဲ့အစည်း NASA ရဲ့ အဆိုအရ ယခုနှစ် အောက်တိုဘာလအတွင်း အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့အနီးဆုံးအဖြစ် ၆၂.၀၇ သန်း ကီလိုမီတာ အကွာအဝေးမှာ ရောက်ရှိနေမယ်လို့ သိရပါတယ်။

(Photo: AFP)

ခြောက်နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့တဲ့ ယူအေအီးရဲ့ Hope Probe စူးစမ်းလေ့လာရေးယာဥ်ဟာ အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းသက်မှာမဟုတ်ဘဲ အင်္ဂါဂြိုဟ်ရဲ့ တစ်နှစ်တာကာလလုံး သို့မဟုတ် ၆၈၇ ရက်လုံး ဂြိုဟ်ကိုလှည့်ပတ်ပြီး စူးစမ်းလေ့လာရေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ယူအေအီးနိုင်ငံက ၂၁၁၇ ခုနှစ်အရောက်မှာ အင်္ဂါဂြိုဟ်ပေါ်သို့ လူသား‌အခြေချမှု ပြုလုပ်နိုင်ရန် ရည်မှန်းထားတယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

.

Share

Loading Next Article...
က္က