ယူကရိန်းအနောက်ပိုင်း Lutsk မြို့မှာ သေနတ်ကိုင်အမျိုးသားက ဘတ်စ်ကားတစ်စီးကို အပိုင်စီးထားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ အနောက်ပိုင်းရှိ မြို့တစ်မြို့မှာ အမျိုးသားတစ်ဦက ဘတ်စ်ကားတစ်စီးပေါ်မှ လူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ဇူလိုင် ၂၁ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီခန့်က ယူကရိန်းအနောက်ပိုင်း Lutsk မြို့မှာ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားက ဘတ်စ်ကားတစ်စီးကို အပိုင်စီးပြီး ကားပေါ်ရှိ လူ ၁၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ရာ ရဲတပ်ဖွဲ့နဲ့ SWAT အထူးတပ်ဖွဲ့က ဘတ်စ်ကားနဲ့ အခင်းဖြစ်နေရာ မြို့လယ်တစ်ဝိုက်ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး စေ့စပ်ညှိနှိုင်းခဲ့ကြပါတယ်။



ဓားစာခံများ ဖမ်းဆီးထားတဲ့ သေနတ်သမားက ဘတ်စ်ကားပေါ်မှာ ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားကြောင်းနဲ့ Lutsk မြို့ထဲမှာ ဗုံးထောင်ထားကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင်း ၎င်းထံမှာ ဖောက်ခွဲရေးပစ္စည်း အများအပြားရှိတယ်လို့လည်း ဆိုပါတယ်။ ရဲအရာရှိတွေရဲ့ အဆိုအရ သေနတ်သမားက ဘတ်စ်ကားပေါ်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး လက်ပစ်ဗုံးတစ်လုံးလည်း ပစ်ပေါက်ခဲ့ကြောင်း၊ သို့သော် လက်ပစ်ဗုံးဟာ မပေါက်ကွဲခဲ့ကြောင်းနဲ့ သေဆုံးဒဏ်ရာရသူ မရှိခဲ့ပါဘူး။

(Photo: AFP)

ဘတ်စ်ကားကို အပိုင်စီးပြီး ဓားစာခံတွေ ဖမ်းဆီးထားသူဟာ အသက် ၄၄ နှစ်အရွယ် Maksym Kryvosh အမည်ရှိ ရုရှားလူမျိုးတစ်ဦးဖြစ်ကြောင်း ယူကရိန်းရဲတပ်ဖွဲ့က ပြောပါတယ်။ ၎င်းဟာ ယခင်ကလည်း ပြစ်မှုမှတ်တမ်းများရှိခဲ့တယ်လို့ သိရပါတယ်။ အစောပိုင်းမှာ ၎င်းဟာ စိတ်ကျန်းမာရေး ကုသမှုခံယူနေရသူလို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ထိုသို့မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီး Arsen Avakov က ပြောခဲ့ပါတယ်။

(Photo: AFP)

သေနတ်သမား Maksym Kryvosh က ထိပ်တန်းနိုင်ငံရေးသမားတွေကို ၎င်းတို့ဟာ အကြမ်းဖက်သမားတွေဖြစ်ကြောင်း ထွက်ဆိုပြောကြားရန် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဓားစာခံတွေ ဖမ်းဆီးထားသူနဲ့ ရဲတပ်ဖွဲ့ကြား နာရီနဲ့ချီကြာတဲ့အထိ စေ့စပ်ညှိနှိုင်းနေခဲ့ကြောင်း ပြည်ထဲရေး ဒုတိယဝန်ကြီး Anton Herashchenko က ပြောခဲ့ပါတယ်။ Maksym Kryvosh ဟာ လုယက်မှု၊ ခြောက်လှန့်တောင်းယူမှု၊ လိမ်လည်မှုနဲ့ တရားမဝင် လက်နက်ကိုင်ဆောင်မှု အပါအဝင် ပြစ်မှုများ ကျူးလွန်ခဲ့တာကြောင့် ထောင်ဒဏ် ၁၀ နှစ်ခန့် ကျခံခဲ့ရဖူးသူ ဖြစ်ပါတယ်။

 

(Photo: EPA)

နောက်ဆက်တွဲသတင်း - ရဲတပ်ဖွဲ့က နာရီနဲ့ချီကြာမြင်တဲ့ စေ့စပ်ညှိနှိုင်းမှုအပြီးမှာ ဘတ်စ်ကားကို ဝင်‌ရောက်စီးနင်းကာ သေနတ်သမားကို ဖမ်းဆီးပြီး ဓားစာခံ ၁၀ ဦးကို ကယ်တင်လွတ်မြောက်စေခဲ့ကြောင်း သိရပါတယ်။ သေနတ်သမားက ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းခြင် မပြုမီ အစောပိုင်းမှာ ဖမ်းဆီးထားတဲ့ ဓားစာခံ သုံးဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က