အိန္ဒိယတစ်နိုင်ငံတည်းမှာ လက်ရှိအချိန်အထိ လူ ၈၄၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ယခုနှစ် မုတ်သုံရာသီ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် တောင်အာရှဒေသတစ်ဝန်း သေဆုံးသူ ၁,၃၀၀ နီးပါးရှိလာကြောင်း သိရပါတယ်။

(Photo: AFP)

တောင်အာရှဒေသရှိ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာလည်း ယနေ့ (ဩဂုတ် ၁၉ ရက်) မိုးသည်းထန်ပြီး ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ရာ လမ်းမများ ရေလွှမ်းသွားခဲ့ကာ ပုံမှန်သွားလာနေသူများ အခက်အခဲ ကြုံခဲ့ရပါတယ်။ မုတ်သုံရာသီဟာ လူဦးရေထူထပ်တဲ့ နယ်မြေဒေသအတွက် စိုက်ပျိုးရေးနဲ့ ရေကြောင်းသွားလာရေးမှာ မရှိမဖြစ် လိုအပ်ပါတယ်။



သို့သော် မုတ်သုံရာသီကာလအတွင်း သေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေကလည်း နှစ်စဥ် ကြုံတွေ့နေရလေ့ရှိပါတယ်။ နယူးဒေလီမြို့မှာ သွားလာကြသူတွေဟာ ဒူးခေါင်းမြုပ်တဲ့အထိ ရေကြီးမှုကို ကြုံတွေ့ကြရပြီး ကားများ၊ ဘတ်စ်ကားများ ရေမြုပ်နေခဲ့ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူဦးရေ သန်း ၂၀ ရှိတဲ့ အိန္ဒိယမြို့တော်မှာ ယာဥ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: AFP)

အိန္ဒိယနိုင်ငံရှိ သဲကန္တရနယ်မြေအများစုရှိရာ ရာဂျက်စသန်ပြည်နယ် ဂျိုင်ပူးရ်မြို့ရှိ ပြတိုက်တစ်ခုရဲ့ မြေညီထပ်မှာ ရေကြီးမှုကြောင့် နှစ်ပေါင်း ၂,၃၀၀ သက်တမ်းရှိ အီဂျစ်မံမီရုပ်တု ထည့်သွင်းပြသထားတဲ့ မှန်ပုံးကိုရိုက်ခွဲပြီး ရွှေ့ပြောင်းခဲ့ရတယ်လို့ ပြတိုက်ဝန်ထမ်းတွေက AFP သတင်းဌာနကို ပြောပါတယ်။

လတ်တလော ရက်ပိုင်းအတွင်း အိန္ဒိယမြောက်ပိုင်းနဲ့ အရှေ့ပိုင်း ပြည်နယ်တွေမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်နေပါတယ်။ အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ယခုနှစ် မုတ်သုံရာသီအတွင်း လက်ရှိအချိန်အထိ လူ ၈၄၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ BBC သတင်းတစ်ရပ်မှာတော့ အိန္ဒိယပြည်နယ် ၁၁ ခုမှာ သေဆုံးသူ စုစုပေါင်း ၈၆၈ ဦးရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

(Photo: AFP)

အိန္ဒိယအနောက်တောင်ပိုင်း ကီရာလာပြည်နယ်မှာ မြေပြိုမှုတစ်ခုအတွင်း သေဆုံးသူဦးရေ ၆၁ ဦးသို့ ယ‌နေ့ မြင့်တက်လာခဲ့ပါတယ်။ အဆိုပါ မြေပြိုမှုအတွင်း နောက်ထပ် လူကိုးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အိန္ဒိယရဲ့ အဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ဘီဟာပြည်နယ်မှာလည်း လူဦးရေ ၈ သန်း ရေဘေးသင့်နေပြီး နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့သူ ထောင်ပေါင်းများစွာဟာ ကယ်ဆယ်ရေးစခန်းများ မလုံလောက်မှုကြောင့် ကြုံသလို အိပ်နေကြရတယ်လို့ ဆိုပါတယ်။

ယခုနှစ် မုတ်သုံရာသီ မိုးသည်းထန်မှုဟာ COVID-19 ကြောင့် စီးပွားရေးထိခိုက်ဆုံးရှုံးမှု ကြုံနေရချိန်မှာ အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ရေကြီးမှုကြောင့် ကောက်ပဲသီးနှံ စိုက်ခင်များပျက်စီးဆုံးရှုံးခဲ့ကြရာ လယ်သမားတွေနဲ့ ဆင်းရဲသားတွေအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

(Photo: AFP)

တောင်အာရှဒေသမှ ဘင်္ဂလားဒေ့ရှ်မှာလည်း ယခုနှစ် မုတ်သုံရာသီ မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် လူ ၂၂၆ ဦး သေဆုံးခဲ့ပြီး နိုင်ငံရဲ့ ၄၀ ရာခိုင်နှုန်းဟာ ရေမြုပ်နေခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ မိုးသည်းထန်မှုကြောင့် မြစ်ရေများလျှံတက်ကာ ကျေးရွာများ ရေကြီးလွှမ်းမိုးသွားခဲ့ပါတယ်။

ယခုရေကြီးမှုဟာ နိုင်ငံရဲ့ သမိုင်းတစ်လျှောက် ဒုတိယ အဆိုးဆုံးဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် Flood Forecasting and Warning Centre မှ အကြီးအကဲ Arifuzzaman Bhuyan က ပြောပါတယ်။ ရေကြီးမှုတွေကြောင့် လူဦးရေ ၆ သန်းကျော် ၎င်းတို့ရဲ့နေအိမ်များ ပျက်စီးဆုံးရှုံးမှုခဲ့ကြောင်းနဲ့ ထောင်နဲ့ချီတဲ့ ရွာသူရွာသားတွေဟာ ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်နေကြဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သဘာဝဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာန AFP ကို ပြောပါတယ်။

(Photo: AFP/Getty Images)

နောက်ထပ် အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နီပေါမှာလည်း မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် အသေအပျောက်များ ရှိခဲ့ပါတယ်။ နီပေါနိုင်ငံမှာ ဇွန်လလယ်ပိုင်းမှာ မုတ်သုံရာသီ စတင်ချိန်မှ ယခုအချိန်အထိ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၂၁၈ ဦ သေဆုံးခဲ့ပြီး ၆၉ ဦး ပျောက်ဆုံးနေပါတယ်။ ယနေ့ မနက်အစောပိုင်း နီပေါအနောက်ပိုင်း ဒေသတစ်ခုမှာ နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုဖြစ်ရပ်အတွင်းမှာလည်း လူခြောက်ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ပျောက်ဆုံးနေခဲ့ကြောင်း သိရပါတယ်။

.

Share

Loading Next Article...
က္က