ဇင်ဘာဘွေမှာ ၃၇ နှစ်ကြာ အာဏာချုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
Ko John

ဇင်ဘာဘွေနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်ခဲ့သူ သမ္မတဟောင်း ရောဘတ်မူဂါဘီ ယနေ့ (စက်တင်ဘာ ၆ ရက်) ကွယ်လွန်သွားပြီလို့ သိရပါတယ်။

(၁၉၈၅ ခုနှစ်မှာ တွေ့ရသည့် မူဂါဘီနှင့် ၎င်းကိုထောက်ခံသူများ) (Photo: WSJ)

အသက် ၉၅ နှစ်အကွယ် မူဂါဘီဟာ ကျန်းမာရေးမကောင်းတာကြောင့် ယခုနှစ် ဧပြီလကတည်းက စင်ကာပူနိုင်ငံမှာ ဆေးရုံတင်ကုသနေခဲ့ရတာလည်း ဖြစ်ပါတယ်။ မူဂါဘီ ကွယ်လွန်ကြောင်း ၎င်းရဲ့မိသားစုက BBC သတင်းဌာနကို အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ ဇင်ဘာဘွေ လက်ရှိသမ္မတ အီမာဆန် အမ်နန်ဂါဝါကလည်း သမ္မတဟောင်းမူဂါဘီ ကွယ်လွန်ကြောင်း ပြောကြားခဲ့ပါတယ်။



"ဇင်ဘာဘွေနိုင်ငံ တည်ထောင်သူဖခင်ကြီးနဲ့ သမ္မတဟောင်း ရောဘတ်မူဂါဘီ ကွယ်လွန်သွားပြီးလို့ အလွန်ဝမ်းနည်းစွာနဲ့ ကျွန်တော် ကြေညာပါတယ်" လို့ သမ္မတအမ်နန်ဂါဝါက Twitter မှာ ရေးသားထားပါတယ်။ အမ်နန်ဂါဝါဟာ မူဂါဘီလက်အောက်မှာ ဒုတိယသမ္မတအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

(မူဂါဘီနှင့် ၎င်းရဲ့ဇနီး ဂရေ့စ်) (Photo: Philimon Bulawayo/Reuters)

မူဂါဘီဟာ ဇင်ဘာဘွေ လွတ်လပ်ရေးရပြီးနောက် ပထမဆုံး ရွေးကောက်ပွဲမှာ အနိုင်ရပြီး ၁၉၈၀ ပြည့်နှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ထို့နောက် မူဂါဘီက ဝန်ကြီးချုပ်ရုံးကိုဖျက်သိမ်းခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ ဇင်ဘာဘွေသမ္မတ ဖြစ်လာခဲ့ပါတယ်။

မူဂါဘီဟာ အာဏာရလာခဲ့ပြီးနောက် အစောပိုင်းအချိန်တွေမှာ ကျန်းမာရေးနဲ့ပညာရေးကဏ္ဍ တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်မှုတွေကြောင့် ပြည်သူတွေရဲ့ နှစ်သက်ချီးမွမ်းခံခဲ့ရပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ ၎င်းဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အဂတိလိုက်စားမှုတို့ဖြင့် နာမည်ဆိုးထွက်လာခဲ့ပြီး အာဏာရှင်ဆန်ဆန် နိုင်ငံကိုအုပ်ချုပ်ခဲ့ပါတယ်။

(ဇင်ဘာဘွေ လက်ရှိသမ္မတ အမ်နန်ဂါဝါ) (Photo: Jekesai Njikizana/AFP/Getty Images)

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းမှာတော့ စစ်တပ်အာဏာသိမ်းမှုဖြင့် မူဂါဘီကို သမ္မတရာထူးမှ ဖြုတ်ချခဲ့ပြီး ၎င်းရဲ့ နှစ်ပေါင်း ၃၇ ကြာ အာဏာချုပ်ကိုင်လာမှု အဆုံးသတ်ခဲ့ပါတယ်။ မူဂါဘီဟာ ဝန်ကြီးချုပ်နဲ့ သမ္မတအဖြစ် ဇင်ဘာဘွေကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

သမ္မတဟောင်းမူဂါဘီဟာ ၁၉၂၄ ခုနှစ် ဖေေါ်ဝါရီ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ထိုစဉ်က ဇင်ဘာဘွေကို Rhodesia ပြည်နယ်အဖြစ်သာရှိနေခဲ့ပါတယ်။ မူဂါဘီဟာ Rhodesia အစိုးရကို ဝေဖန်မှုကြောင့် ၁၉၆၄ ခုနှစ်မှာ ဖမ်းဆီးခံရပြီး ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ဆယ်စုနှစ်တစ်ခုကျော်ကြာ အကျဉ်းချခံခဲ့ရပါတယ်။

(၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က မူဂါဘီနှင့် စစ်တပ်ဗိုလ်ချုပ်ကြီးများ တွေ့ဆုံခဲ့စဉ်) (Photo: AP)

ဇင်ဘာဘွေဟာ ဗြိတိသျှကိုလိုနီအဖြစ် လူဖြူ လူနည်းစုက အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်က မူဂါဘီ အကျဉ်းထောင်တွင်းရှိနေဆဲမှာ ၎င်းကို Zimbabwe African National Union (ZANU) ပါတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပါတယ်။ မူဂါဘီဟာ ZANU ပါတီတည်ထောင်သူ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ မူဂါဘီဟာ လွတ်လပ်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးနောက် ၎င်းရဲ့ထင်းရှားကျော်ကြားမှုနဲ့အတူ လွတ်လပ်ရေးရပြီး ပထမဆုံး ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။

မူဂါဘီရဲ့ အရေးပါတဲ့ ခုနှစ်များ

  • ၁၉၂၄ - မူဂါဘီ မွေးဖွားခဲ့ပါတယ်။ အစောပိုင်းမှာ ကျောင်းဆရာတစ်ဦး ဖြစ်ခဲ့ပါတယ်။
  • ၁၉၆၄ - Rhodesia အစိုးရကို ဝေဖန်မှုတွေကြောင့် အကျဉ်းကျခံခဲ့ရပါတယ်။
  • ၁၉၈၀ - ဇင်ဘာဘွေလွတ်လပ်ရေးရပြီးနောက် ပထမဆုံး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။
  • ၁၉၉၆ - ဂရေ့စ်မာရူဖူကို လက်ထပ်ခဲ့ပါတယ်။
  • ၂၀၀၀ - လူထုဆန္ဒခံယူပွဲ ရှုံးနိမ့်ခဲ့ပါတယ်၊ မူဂါဘီကိုထောက်ခံတဲ့ လက်နက်ကိုင်ပြည်သူ့စစ်တွေက လူဖြူများပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို ကျူးကျော်ခဲ့ပြီး အတိုက်အခံ အားပေးထောက်ခံသူတွေကို တိုက်ခိုက်ခဲ့ပါတယ်။

(ဇင်ဘာဘွေကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် မူဂါဘီ) (Photo: Philimon Bulawayo/Reuters)

  • ၂၀၀၈ - ရွေးကောက်ပွဲ ပထမအကျော့မှာ ပြိုင်ဘက်ဖြစ်သူ ဆဗင်ဂီရိုင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဆဗင်ဂီရိုင်းဟာ နိုင်ငံတစ်ဝှမ်း ၎င်းကိုထောက်ခံသူများ တိုက်ခိုက်ခံရပြီးနောက် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှုကနေ နုတ်ထွက်သွားခဲ့ပါတယ်။
  • ၂၀၀၉ - ဇင်ဘာဘွေမှာ စီးပွားရေးပြိုလဲမှုတွေ ဖြစ်ပေါ်နေစဉ် မူဂါဘီရဲ့ ရွေးကောက်ပွဲပြိုင်ဘက် ဆဗင်ဂီရိုင်းက ဝန်ကြီးချုပ်ဖြစ်လာပြီး အခက်အခဲကြုံနေတဲ့ အစိုးရအဖွဲ့မှာ လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
  • ၂၀၁၇ - မူဂါဘီက ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယသမ္မတ အီမာဆန် အမ်နန်ဂါဝါကို ရာထူးမှ ထုတ်ပယ်လိုက်ပါတယ်။ မူဂါဘီက ၎င်းရဲ့သမ္မတနေရာကို ဇနီးဖြစ်သူ ဂရေ့စ် ဆက်ခံခွင့်ရစေရန် ဒုတိယသမ္မတ အမ်နန်ဂါဝါကို ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။ မူဂါဘီရဲ့ ထိုလုပ်ဆောင်မှုအပေါ် ဝေဖန်မှုတွေနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ နိုဝင်ဘာလမှာတော့ စစ်တပ်က ကြားဝင်လာခဲ့ပြီး အာဏာသိမ်းကာ မူဂါဘီကို သမ္မတအဖြစ်မှ ဖြုတ်ချခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ


Author


က္က