ဇူလိုင်လမှာ ကိုဗစ်စည်းကမ်းချက်တွေအပေါ် မူတည်ပြီးတော့ ပြည်သူဝင်ရောက်ခွင့်ရ၊မရ ပြန်လည်ဆုံးဖြတ်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
Mi Thawdar Aung

ကိုဗစ်-၁၉ အခြေအနေကြောင့် ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့်အာဇာနည့်နေ့မှာ အာဇာနည်ဗိမာန်၊ အတွင်းဝန်များရုံးနဲ့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တို့ကို အများပြည်သူလာရောက်ခွင့်ရမှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံကနေသိရပါတယ်။

အာဇာနည်ဗိမာန်နဲ့ အတွင်းဝန်များရုံးမှာ ပြုလုပ်မယ့် အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတဲ့အခမ်းအနားကိုလည်း အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မိသားစုဝင်တွေနဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေသာ ဝင်ခွင့်ပြုမှာဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီ ပြုလုပ်မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးစိန်အုံးက Duwun ကိုပြောပါတယ်။

Photo- ၂၀၁၉ ခုနှစ် က အတွင်းဝန်များရုံးမှာ အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့စဉ်။ 

“ အခုကော်မတီအစည်းအဝေးသတ်မှတ်ချက်အရ လောလောဆယ်အထိပြည်သူမပါသေးဘူး။ အာဇာနည်နေ့နီးလာလို့ ဖြေလျှော့မှုတွေ လုပ်လာရင်တော့ ပြည်သူတွေဝင်ခွင့်ရမှာပေါ့။ အခုလောလောဆယ် ဆုံးဖြတ်ချက်အရတော့ ဗိုလ်ချုပ်ပြတိုက်လည်းပိတ်ထားမယ်ပြောတယ်။ အတွင်းဝန်ရုံးကိုလည်း ပြည်သူတွေ ပေးမကြည့်ဘူး။ အာဇာနည်ဗိမာန်ကိုလည်း ပြည်သူတွေ အလေးပြုခွင့်ရမှာမဟုတ်ပါဘူး။ “ လို့ စည်ပင်ကော်မတီဝင် ဦးစိန်အုံးက ဆိုပါတယ်။

ဇူလိုင်လအတွင်းမှာ COVID-19 ရောဂါဖြစ်ပွားမှုတွေ ကျဆင်းလာကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေရဲ့ စည်းကမ်းသတ်မှတ်ချက်အချို့ ဖြေလျှော့မှုတွေ လုပ်လာခဲ့ရင်တော့ ပြည်သူတွေ ဝင်ရောက်လေ့လာခွင့်၊ ဂါရဝပြုခွင့် ရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

လက်ရှိအချိန်အထိ ဆုံးဖြတ်ချက်အရတော့ မိသားစုဝင်တွေနဲ့ ခွင့်ပြုထားတဲ့သူတွေပဲ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး သတင်းမီဒီယာအားလုံးကိုလည်း ဝင်ခွင့်ရမှာမဟုတ်ဘဲ သတ်မှတ်ထားတဲ့ မီဒီယာ ငါးခုသာ ဝင်ရောက်သတင်းရယူခွင့်ပြုမှာဖြစ်တယ်လို့လည်း စည်ပင်ကော်မတီဝင်အတွင်းရေးမှူး ဦးစိန်အုံးက ဆိုပါတယ်။ 

“ တက်ရောက်ခွင့်ရသူတွေကလည်း အကန့်အသတ်နဲ့ပဲ တက်ခွင့်ရမယ်။ အားလုံးကို Social Distancing နဲ့အညီ ဖြစ်အောင်လုပ်ရမယ်။ “ လို့ ဦးစိန်အုံးက Duwun ကိုပြောပါတယ်။

နှစ်စဉ် အာဇာနည်နေ့အခမ်းအနားတွေကို အာဇာနည် ဗိမာန်၊ အတွင်းဝန်များရုံးတို့မှာ ဂါရဝပြုပွဲအခမ်းအနားတွေကို ကျင်းပပြုလုပ်ခဲ့ပြီးအများပြည်သူတွေ လာရောက်လည်ပတ်နိုင်အောင်လည်း ဖွင့်လှစ်ပေးထားခဲ့တာဖြစ်ပါတယ်။ 



က္က