ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂကနေ စတင်လိုက်တာပါ။

ပညာရေးဝန်ကြီးဌာနက သတ်မှတ်လိုက်တဲ့ အဝေးသင်အတန်းတွေကို ငါးရက်စီ ခွဲတက်ဖို့ ပြောင်းလဲတဲ့စနစ်အပေါ် ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ ဖဲကြိုးနီလှုပ်ရှားမှု စတင်လိုက်ပါတယ်။

Photo- YUDE

အဝေးသင် ကျောင်းသားတွေမှာ အစိုးရဝန်ထမ်းတွေ၊ စက်ရုံအလုပ်ရုံနဲ့ ကုမ္ပဏီဝန်ထမ်းတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ ပါဝင်နေပြီး အခုလို ပြောင်းလဲမှုဟာ ကျောင်းသားတွေရဲ့ အလုပ်အကိုင် ခွင့်ရက်ပြဿနာနဲ့ လူမှုဘဝတွေကို ထိခိုက်နေတာကြောင့် အပြင်းအထန် ကန့်ကွက်တယ်လို့ အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂကနေ ကြေညာထားတာပါ။

ယခင်က အနီးကပ် ၁၀ ရက် ကျောင်းတက်ရတဲ့ အဝေးသင် ဝိဇ္ဇာတွဲတွေကို မေလမှာ ၅ ရက်၊ နိုဝင်ဘာလမှာ ၅ ရက် ၂ သုတ်ခွဲတက်ရတဲ့ပုံစံက လက်ရှိ အဝေးသင်ကျောင်းသားတွေအတွက် အဆင်ပြေမှု လုံးဝမရှိဘူးလို့လည်း ဆိုပါတယ်။

“ဒီအလုပ်ကလည်း လက်လွှတ်လို့မရဘူးလေ။ အလုပ်တစ်ဖက်နဲ့ ကျောင်းပြီးချင်တာဆိုတော့ ခွင့်ယူဖို့ကျတော့ ရုံးက လူကြီးတွေနဲ့ပြောရတာ သိပ်အဆင်ပြေမှာမဟုတ်ပါဘူး။ အဲဒါကြောင့်ပါ။“ လို့ အဝေးသင်တတ်ရောက်ပြီး ဟိုတယ်ဝန်ထမ်းလုပ်ကိုင်သူ ကိုတင့်ဝေထူးက Duwun ကိုပြောပါတယ်။

အခုလို အတန်းချိန်တွေကို ပြောင်းလဲမယ့်အစား စာမေးပွဲစနစ်ကိုပိုပြီးတော့ ပြင်ဆင်သင့်တယ်လို့ အဝေးသင် ပထမနှစ်အင်္ဂလိပ်စာ တက်ရောက်နေတဲ့ အာရီအဲလားက ဆိုပါတယ်။ “ ပြောင်းလဲချင်တယ်ဆိုရင် စာမေးပွဲစနစ်ကို သေချာလုပ်စေချင်တယ်။ ခိုးချတာမျိုးတွေရှိနေတော့ စည်းကမ်းနဲ့ သေချာလေး ကြပ်မတ်စေချင်တယ်” လို့ အာရီအဲလားက Duwun ကို ပြောခဲ့ပါတယ်။

အဝေးသင်ပညာရေးရဲ့ မူလရည်ရွယ်ချက်မှာ နေ့စဉ်တက်ရာက်ဖို့ ခက်ခဲတဲ့သူတွေအတွက်ဖြစ်ပြီး ယခုပြောင်းလဲမှုဟာ မူလရည်ရွယ်ချက်ကို တိုက်ရိုက် ချိုးဖောက်နေတယ်လို့လည်း ကျောင်းသားသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ယခုလာမယ့် ကျောင်းဖွင့်ရာသီမှာ စတင်ပြောင်းလဲမှာဖြစ်ပြီး အဝေးသင်ပညာရေးစနစ်ကို ပိုမိုကောင်းမွန်လာစေမယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ညွှန့်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက Duwun ကိုပြောထားပါတယ်။ ဒီလိုလုပ်ဆောင်ရတာဟာ Open University က အကြံပြုထားတဲ့ အချက်သုံးချက်ထဲကနေ မြန်မာနိုင်ငံအခြေအနေနဲ့ ကိုက်ညီမယ်ထင်တဲ့ အချက်ကိုယူပြီး လုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။



က္က