လုံခြုံရေးတစ်ယောက်ရဲ့လစာက ဆရာ၊ဆရာမလစာထက် များနေတာလည်း ဖြစ်ပါတယ်။

အခြေခံပညာကျောင်းတွေမှာ ခန့်အပ်ထားနိုင်ခြင်းမရှိသေးတဲ့ ကျန်းမာရေးနှင့်လုံခြုံရေးဝန်ထမ်းတွေက အမှန်တကယ် လိုအပ်တဲ့သူတွေဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒု-ညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းက Duwunကို ပြောပါတယ်။

လူ့အခွင့်အရေးကော်မရှင်ကလည်း ကျောင်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေခန့်အပ်ထားရှိဖို့အတွက် တိုက်တွန်းထားပြီး မေလ ၂၉ရက်ကထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ ကျန်းမာရေးဝန်ထမ်းခန့်အပ်ဖို့ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့အကူအညီလိုအပ်တယ်လို့ ဦးတင်မောင်ဝင်းကပြောပါတယ်။ 

“လူ့အခွင့်အရေးကော်မရှင်ကို ကျေးဇူးတင်ပါတယ်၊ကျန်းမာရေးဝန်ထမ်းခန့်ဖို့က ကျန်းမာရေးဝန်ကြီးဌာနမှာ ဝန်ထမ်းလိုအပ် ချက်ကို အရင်ဖြည့်နိုင်ဖို့လိုပါတယ်။ဒီအပေါ်မှာတော့ တိုက်တွန်းဖို့တော့လိုပါတယ်။ကျန်းမာရေးဝန်ထမ်းအပြင် ကျွန်တော် တို့မှာ ဆရာ၊ဆရာမ လိုအပ် ချက်က သိန်းနဲ့ချီလိုနေပါတယ်။ဒီအပေါ်မှာလည်း လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဖြည့်ပေး နိုင်ဖို့ အကြံဉာဏ်ကောင်းလေး တွေပေးကြဖို့ အရမ်းမျှော်လင့်ပါတယ်။”လို့ ဒု-ညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းက ပြောပါ တယ်။

စနစ်သစ်အရ ကျောင်းတွေမှာ ဖွံ့ဖြိုးရေးဘာသာရပ်တွေဖြစ်တဲ့ ဂီတ၊ပန်းချီ၊ကာယပညာ၊စာရိတ္တနဲ့ပြည်သူ့နီတိ၊ဘဝအတွက်တာ ကျွမ်းကျင်စရာဘာသာရပ်တွေရှိတဲ့အပေါ် သီးသန့်ဆရာ၊ဆရာမခန့်နိုင်ရင် ပိုမိုကောင်းမွန်ပေမယ့်လည်း ဒီနေ့အထိ ၇၀ရာခိုင်နှုန်းလောက်တောင် မခန့်နိုင်သေးသလို ဂီတနဲ့ပန်းချီအတွက်လည်း သီးသန့် ခန့်အပ်ထားနိုင်ခြင်း မရှိသေးတဲ့အကြောင်းလည်း ဦးတင်မောင်ဝင်းက ဆက်လက်ပြောပါတယ်။

“ဖွံ့ဖြိုးရေးဘာသာရပ်တွေမှာတောင် သီးသန့်ဆရာ၊ဆရာမတွေ မခန့်ထားနိုင်ပဲ ဝလုံးတောင်ဝိုင်းအောင်မရေးနိင်တဲ့ ဆရာက ပန်းချီသင်နေရတဲ့အပေါ် အခက်တွေ့နေပြီး ဒီလို ဘာသာရပ်တွေမှာ သီးသန့်ခန့်အပ်နိုင်ဖို့ အကြံဉာဏ်ကောင်းတွေ ရခဲ့မယ် ဆိုရင် ဒါကို နိုင်ငံ တော်ကို တင်ပြချင်ပါတယ်။”လို့ ဦးတင်မောင်ဝင်းက ဆက်လက်ပြောခဲ့ပါတယ်။

လုံခြုံရေးအပိုင်းနဲ့ပတ်သက်ပြီး အလယ်တန်းကျောင်းတစ်ကျောင်းဖွင့်ပြီဆိုတာနဲ့ ကျောင်းလုံခြုံရေးအတွက် ရာထူးတစ်ခုပါဝင်ပြီးသားဖြစ်ပေမယ့် သီးသန့် လုံခြုံရေးဝန်ထမ်းခန့်အပ်နိုင်ခြင်းမရှိသေးဘဲ ဆရာ/ဆရာမတွေကပဲ အလျင်းသင့်သလိုလုပ်ဆောင်နေရတယ်လု့ိ ဦးတင်မောင်ဝင်းကထောက်ပြပြောဆိုခဲ့ပါတယ်။

ကန်ထရိုက်လုံခြုံရေးစနစ်ကိုတော့ အဆင့်မြင့်ပညာမှာရှိတဲ့ တက္ကသိုလ်တချို့မှာ လုပ်ဆောင်ထားကြတယ်လို့သိရပြီး လုံခြုံရေး တစ်ယောက်ရဲ့ အနည်းဆုံးလစာက ၂သိန်းကျော် ၃သိန်းလောက် ရှိနေတယ်လို့သိရပါတယ်။

လက်ရှိ ကိုဗစ်ကာလအတွင်းမှာ အခြေခံကျောင်းတွေကို ပုံမှန်အတိုင်းဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘဲ ဇူလိုင်လ ဒုတိယအပတ်အတွင်းမှာ အထက်တန်းကနေစတင်ဖွင့်လှစ်နိုင်ဖို့စီစဉ်ထားပါတယ်။ ပြန်လည်ဖွင့်လှစ်မယ့် စာသင်ကျောင်းတွေမှာ ကျန်းမာရေးလုံခြုံမှုအတွက် စာသင်ချိန်တွေကို အပြောင်းအလဲပြုလုပ်မှာဖြစ်သလို ဆရာ/ဆရာမတွေနဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးအထောက်အကူပစ္စည်းတွေကိုလည်း အခမဲ့ဝေငှပေးဖို့စီစဉ်ထားတယ်လို့သိရပါတယ်။



က္က