ဒုတိယအကြိမ်ငွေကြေးထောက်ပံ့မှုမှာ လူတစ်ဦးချင်းထက် အိမ်ထောင်စုတွေကိုဦးစားပေးရွေးချယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့အခြေခံလူတန်းစားတွေကို တောက်လျှောက်ပံ့ပိုးပေးနိုင်ဖို့ အင်မတန်မှ အခက်အခဲရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၉ ရက်နေ့ကပြုလုပ်တဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေ ထောက်ပံ့ပေးမှုအခြေအနေနဲ့ပတ်သက်ပြီး အွန်လိုင်းဆွေးနွေးပွဲကတစ်ဆင့်ပြောသွားခဲ့တာပါ။ကိုဗစ်-၁၉ ဖြစ်ပွားမှုက ဘယ်လောက်ထိ ကြာနိုင်မှန်း ခန့်မှန်းလို့မရနိုင်သေးတာကြောင့် လက်ရှိမှာလည်း အစိုးရအနေနဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်တဲ့အခြေအနေရောက်အောင် ပြုပြင်ဖြေလျှော့ပေးနေပြီး ကျန်းမာရေးနဲ့အညီ လုပ်ကိုင်နိုင်အောင်လည်း ချိန်ဆပေးနိုင်တယ်လို့ အတိုင်ပင်ခံက ပြောသွားခဲ့တာပါ။



လက်ရှိမှာ လုပ်ငန်းတွေ ပြန်လည်ပတ်နေတယ်ဆိုပေမယ့် အခြေခံလူတန်းစားအချို့မှာ ယခင်လို ပုံမှန်ဝင်ငွေ မရတာမျိုးတွေရှိနေတာကြောင့် စဉ်းစားပေးစေချင်ကြောင်း လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) အုပ်ချုပ်ရေးမှူး  ဦးကျော်ဆွေက အတိုင်ပင်ခံကို တင်ပြခဲ့ရာမှာ အတိုင်ပင်ခံက အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ကိုဗစ်ကိစ္စက ဘယ်လောက်ကြာမယ်မှန်းမသိသေးဘူး။ တွက်လို့ခက်ပါတယ်။ မြန်မာနိုင်ငံက ချမ်းသာကြွယ်ဝတဲ့နိုင်ငံမဟုတ်ပါဘူး။ ကမ္ဘာမှာ အခြေခံလူတန်းစားတွေကို ပံ့ပိုးပေးတဲ့နိုင်ငံ နည်းပါတယ်။ နိုင်ငံတော်ကတော့ ကိုယ့်ပြည်သူတွေကို ကူညီမယ်ဆိုပြီး တတ်နိုင်သမျှ ပံ့ပိုးပါတယ်။ ဒါပေမယ့် တောက်လျှောက်ပံ့ပိုးသွားဖို့ဆိုတာက အင်မတန်မှခက်ပါလိမ့်မယ်။ အခုက တဖြည်းဖြည်း လုပ်နိုင်ကိုင်နိုင်အောင် အခြေအနေကို ပြန်ပြီးပြုပြင်ပေးနေတယ်။ အဲဒီအခါမှာ ရနိုင်သလောက်ပုံစံနဲ့ကတော့ အလုပ်လုပ်ရမှာပါ” လို့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

Photo- လှိုင်သာယာမြို့နယ်အတွင်း ဈေးသည်တစ်ဦးကိုတွေ့ရစဉ်။

လက်ရှိအချိန်မှာ နိုင်ငံတော်အစိုးရအနေနဲ့ အခြေခံလူတန်းစားတွေကို ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ် ငွေကြေးထောက်ပံ့ပေးနိုင်ဖို့ စီစဉ်နေပြီး အိမ်ထောင်စုဇယားအတိအကျရှိတဲ့ အိမ်ထောင်စုတစ်စုချင်းစီကိုစနစ်တကျစိစစ်ဖို့၊ အိမ်ထောင်စုတစ်စုတည်းကနေပဲတစ်ယောက်ချင်းစီရသွားပြီး အခြားအိမ်ထောင်စုတွေမရရှိတော့တဲ့ နစ်နာမှုမျိုးတွေမဖြစ်စေဖို့ ဆောင်ရွက်ဖို့လည်း မှာကြားခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်မှာဆိုရင် ပြောင်းရွှေ့ပြီးလာရောက်နေထိုင်ကြတဲ့ အိမ်ထောင်စုတွေ များပြားနေပြီး အိမ်ထောင်စုဇယားမပါပေမယ့်လည်း ထောက်ပံ့မှုလိုအပ်တဲ့သူဆိုရင်တော့ စာရင်းကောက်ယူပြီး ထောက်ပံ့ပေးခဲ့တယ်လို့ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) အုပ်ချုပ်ရေးမှူး  ဦးကျော်ဆွေကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က  “ အမေတို့မူက အိမ်ထောင်စုတွေကို ပေးဖို့လေ။ တစ်ယောက်ချင်းပေးဖို့ မလွယ်ဘူး။ ဥပမာ အမျိုးသားရော အမျိုးသမီးပါ အလုပ်လုပ်တယ်ဆိုပါတော့။ အမျိုးသမီးက ခေါင်းရွက်ဈေးသည်ဆိုလည်း သူက စာရင်းဝင်တာပေါ့နေ်။ အမျိုးသားကလည်းတစ်ခြားမှာ ကြုံရာကျပန်းအလုပ်လုပ်ရင် စာရင်းဝင်မယ်။ အဲဒီတော့ တစ်မိသားစုတည်း၊ တစ်အိမ်ထောင်စုတည်းက နှစ်ခါဖြစ်သွားတာပေါ့။အဲဒါကြောင့် အိမ်ထောင်စုစာရင်းနဲ့လုပ်ရမယ်ဆိုပြီး ညွန်ကြားချက်ထုတ်ထားတာပါ။ဒါမှ မျှမျှတတဖြစ်မှာပါ။ တချို့မိသားစုတွေမှာ တစ်ယောက်တည်းအလုပ်လုပ်ပြီး သားသမီးလေးငါးယောက်ကို ထောက်ပံ့နေရတဲ့သူဆိုရင် ဘယ်လိုမှ မျှတနိုင်မှာမဟုတ်ပါဘူး” လို့ အတိုင်ပင်ခံ က ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာတော့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မွန်ပြည်နယ် ကော့ပနောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်နီနီအောင်တို့ပါဝင်ခဲ့တာပါ။ မကွေးတိုင်းမှာတော့ ဒုတိယအကြိမ်ထောက်ပံ့မှုမှာ အိမ်ထောင်စုပေါင်း ၁ သိန်းကျော်ကို ထောက်ပံ့ပေးမှာဖြစ်ကာ မွန်ပြည်နယ်မှာတော့ အိမ်ထောင်စု နှစ်ထောင်ကျော်ထောက်ပံ့ပေးဖို့ ရှိနေပါတယ်။ လှိုင်သာယာမြို့နယ်မှာတော့ ထောက်ပံ့ပေးဖို့အိမ်ထောင်စုပေါင်း ၆၈၀၀၀ ကျော်ရှိနေတယ်လို့လည်း ဒီကနေ့ဆွေးနွေးပွဲမှာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက ပြောသွားခဲ့တာပါ။

အစိုးရရဲ့ ဒုတိယအကြိမ်ထောက်ပံ့မှုအတွက် တစ်နိုင်ငံလုံးမှာ အခြေခံလူတန်းစား အိမ်ထောင်စု (၅)သန်းနီးပါးကို စာရင်းကောက်ယူထားပြီး ဒီထဲကမှ ပထမအကြိမ်ထောက်ပံ့စဉ်မှာ မရရှိခဲ့တဲ့သူတွေကို ဦးစားပေးထောက်ပံ့သွားမယ်လို့ မေလ ၃၀ ရက်က ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားပါတယ်။

Share

Loading Next Article...
က္က