ဇွန်လ(၁၃)ရက်နေ့မှာ အောင်စာရင်းတွေ ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။
Ei Ei Htun

အခြေခံပညာအောင်စာရင်းများကို ဇွန်လ (၁၃)ရက်နေ့မှာ ထုတ်ပြန်ကြေညာမှာဖြစ်ပြီး ကျောင်းတွေမှာလည်း အောင်စာရင်းစာရွက်တွေကပ်ပေးထားမှာဖြစ်သလို သက်ဆိုင်ရာကျောင်းတွေကလည်း Online ကနေတစ်ဆင့် ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

COVID ကာလအတွင်း အောင်စာရင်းထုတ်ပြန်တဲ့အချိန်မှာ လူစုလူစုမဖြစ်ရအောင် မြို့ပေါ်ကျောင်းတွေအနေနဲ့ကတော့ သူတို့ရဲ့ ကျောင်းရဲ့ သက်ဆိုင်ရာ Facebook Page တွေကနေ တစ်ဆင့် ကြေညာပေးမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Duwun ကိုပြောပါတယ်။ 

“ အဓိကကတော့ မြို့ကြီးတွေမှာပဲလူများနိုင်တာဖြစ်လို့ ရန်ကုန်တိုင်းတော့ သူ့သက်ဆိုင်ရာကျောင်းရဲ့ page တွေကနေတစ်ဆင့်ကြေညာပေးလိမ့်မယ်။ တခြားမြို့တွေမျာလည်း အဲဒီလို လုပ်ပါလိမ့်မယ်။ ဝေးလံပြီး အင်တာနက်ဆက်သွယ်မှုမရတဲ့ နေရာကတွေကကျောင်းတွေအတွက်ကျတော့ ကျောင်းတွေမှာပဲ စာရွက်တွေကပ်ပေးမှာပါ။ အဲဒီလိုကျောင်းမှာအောင်စာရင်းကြည့်ရတဲ့ အခါမှာလည်း မလိုလားအပ်ဘဲ လူစူလူဝေးမဖြစ်အောင် Social Distancing ပုံစံနဲ့ သွားမှာပါ” လို့ ဦးကိုလေးဝင်းကပြောပါတယ်။ 

ဇွန်လ ၁၃ ရက်နေ့မှာ အခြေခံပညာအောင်စာရင်းတွေကို ထုတ်ပြန်ကြေညာပြီးနောက် ကျောင်းတွေကိုတော့ ဇူလိုင်လ (၂၁)ရက်နေ့မှာ အထက်တန်းကနေ စတင်ဖွင့်လှစ်မှာဖြစ်ပြီး အလယ်တန်းနဲ့ မူလတန်းတွေကိုလည်း တစ်ဆင့်ချင်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာမှာ မူလတန်းကျောင်းသားဦးရေ (၂၅)သိန်းခန့်၊ အလယ်တန်းကျောင်းသားဦးရေ သိန်း(၃၀)နဲ့ အထက်တန်းကျောင်းသားဦးရေ (၁၂)သိန်းခန့်ရှိတယ်လို့ သိရပါတယ်။




က္က