စက်တင်ဘာ၁၁ရက်ညနေပိုင်းက ဖောင်ကြီးကုသရေးစင်တာမှာသေဆုံးခဲ့တာပါ။
Mi Thawdar Aung

ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးဌာနမှာ တက်ရောက်ကုသနေတဲ့ အသက် (၃၂) နှစ် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အသက် (၃၂) နှစ်အရွယ် အမျိုးသမီး လူနာအမှတ်၂၁၆၅ ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှုလမ်းကြောင်း ပျက်စီးခြင်း၊ အရေပြားလေးဘက်နာရောဂါအခံကြောင့် ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် စက်တင်ဘာ ၁၁ ရက် ၊ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“ လူနာက အရေပြားလေးဘက်နာရောဂါရှိတယ်လို့ ထုတ်ပြန်ထားတာတွေ့ရတယ်။ အဲဒီရောဂါကအကြမ်းဖျဉ်း ပြောရမယ်ဆိုရင် ကိုယ့်ရဲ့ခုခံအားစနစ်ကကိုယ့်ကိုပြန်တိုက်တဲ့ရောဂါဆိုတော့ သူ့ရဲ့ ရောဂါက ပုံမှန်အခြေအနေအရကို နည်းနည်းပြင်းထန်တယ်။ နောက်ဆက်တွဲဆိုးကျိုးက ကျောက်ကပ် ပျက်စီးနိုင်တယ်။ ဒီရောဂါဖြစ်တဲ့သူတွေကအသက်မရှည်နိုင်ဘူးလို့ပြောလို့ရတယ်။နိုင်သလောက်တော့ ထိန်းထားကြတယ်။ ပိုဆိုးသွားတာက ဒီရောဂါရှိနေတဲ့သူကကိုဗစ်-၁၉ပိုးတွေ့တယ်ဆိုတော့ အခြေခံရောဂါရော၊ကိုဗစ်နဲ့ ရောပြီး သေဆုံးတာလို့ယူဆလို့ရပါတယ်”လို့ သင်္ဃန်းကျွန်းမြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေး ကော်မတီမှဒေါက်တာကျော်စွာဦးက Duwun ကိုပြောပါတယ်။

သေဆုံးသူလူနာဟာ မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး အတည်ပြုလူနာတွေနဲ့ ထိတွေ့ခြင်းမရှိ၊ပြည်ပခရီးသွားရာဇဝင်လည်းမရှိသူတစ်ဦးဖြစ်တယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လူနာကို သင်္ဃန်းကျွန်းစံပြဆေးရုံမှာစောင့်ကြည့်လူနာအဖြစ် ကုသမှုပေးနေရင်း စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းမှာတော့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ရတာကြောင့် ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာမှာကုသနေရင်း သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တစ်ကျော့ပြန်ပြည်တွင်းကူးစက်မှုတွေ ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း စက်တင်ဘာ (၄) ရက်ကနေ စက်တင်ဘာ (၁၂) ရက်အထိ သေဆုံးသူ (၉) ဦးအထိ ရှိလာခဲ့ပြီး အသက် ၃၀ ကျော်နဲ့ ၄၀ ကျော်အရွယ်တွေ ပါဝင်လာတာကြောင့် အသက်ငယ်ရွယ်ပေမယ့် ရောဂါအခံရှိရင် သတိထားဖို့ လိုအပ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီမှ ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

“ မြန်မာနိုင်ငံရဲ့ သေဆုံးမှုတွေကိုလေ့လာရင် အများစုအခြေခံရောဂါအခံရှိတဲ့သူတွေက ဒီပိုးနဲ့ပတ်သက်ပြီးခံနိုင်ရည် မရှိတာတွေ့ရတယ်။နာတာရှည်ရောဂါအခံရှိတဲ့သူတွေက ကူးစက်ခြင်းမခံရအောင် တော်တော်လေးဂရုစိုက်ရမှာပါ။ အခုဆို အသက်၃၀ကျော်နဲ့ ၄၀ကျော်လူနာတွေပါ သေဆုံးလာတာတွေ့ရတယ်။သူတို့တွေ သေဆုံးရတဲ့အကြောင်းကိုပြန်ကြည့်လိုက်ရင် အခြေခံရောဂါတွေကရှိနေတယ်။ ရောဂါအခံတွေက ဗိုင်းရပ်စ်ပိုးရဲ့ ဒဏ်ကိုမခံနိုင်ဘူး။ကိုယ့်မှာနာတာရှည်ရောဂါတွေ၊ပြင်းထန်တဲ့ ရောဂါအခြေခံရှိတဲ့သူတွေက အဖိတ်အစင်ဖြစ်နိုင်တာကိုသတိပြုဖို့ လိုပါတယ်”လို့ ဒေါက်တာကျော်စွာဦးက ဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူ ၂,၄၄၅ ဦးရှိခဲ့ပြီး သေဆုံးသူ၁၅ဦးအထိရှိလာခဲ့ကာ ဆေးရုံဆင်းခွင့်ရသူ ၆၂၅ ဦးရှိခဲ့တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က