COVID ကာလမှာ စီးနင်းသူနည်းပါးပြီးအရှုံးပေါ်တာကြောင့် ယာယီရပ်နားလိုက်တာပါ။
Ei Ei Htun

၂၀၁၉ခုနှစ် စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တွင်းမှာ စတင်ပြေးဆွဲခဲ့တဲ့ YBS မြို့ပတ်ယာဉ်များပြေးဆွဲမှုကို ဒီကနေ့ ဇွန်လ (၁၅)ရက်နေ့ကစပြီး ယာယီရပ်နားလိုက်ပြီဖြစ်တယ်လို့ YRTAမှသိရပါတယ်။

မြို့ပတ်ယာဉ်လိုင်းစတင်ပြေးဆွဲခဲ့တဲ့ စက်တင်ဘာလ (၂၃)ရက်နေ့နောက်ပိုင်းကစပြီး အဆိုပါယာဉ်လိုင်းကို စီးနင်းအသုံးပြုတဲ့ခရီးသည်ဦးရေက တစ်လချင်းတိုးတက်လာခဲ့တာကြောင့် ယာဉ်အစီးရေတွေကိုပါ တိုးချဲ့ပြေးဆွဲပေးခဲ့ရတာပါ။

ယခု COVID ကာလအတွင်းမှာတော့ စီးနင်းသူက သိသိသာသာကျဆင်းလာတဲ့အတွက် အခုလိုယာဉ်လိုင်းပြေးဆွဲမှုကို ယာယီရပ်နားခြင်းဖြစ်တယ်လို့ YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က Duwun ကိုပြောပါတယ်။

“ ခရီးသည်စီးနင်းမှုနည်းလို့ ယာယီရပ်နားတဲ့ သဘောပါ။ COVID စဖြစ်ကတည်းက မြို့တွင်းပြေးဆွဲတဲ့ ယာဉ်လိုင်းတွေတောင် စီးနင်းသူလျော့တာ မြို့ပတ်ကားတွေကပိုဆိုးတာပေါ့။ ပြီးတော့ မြို့ပတ်ကားတွေရဲ့ ပြေးဆွဲမှု ကုန်ကျစရိတ်ကလည်းများတယ်။ ခရီးသည်ကလည်းမရှိတော့ အရှုံးနဲ့ဖြစ်နေပြီ ။ ကုမ္ပဏီဘက်ကလည်း ရေရှည်အရှုံးနဲ့ဆိုတော့ အဆင်မပြေတာနဲ့ နားလိုက်တာပါ”လို့ ဒေါက်တာမောင်အောင်ကပြောပါတယ်။

Scania ကားအမျိုးအစားတွေဖြစ်တဲ့ မြို့ပတ်ယာဉ်တွေကို COVID ကာလမဖြစ်ခင်အထိ တစ်နေ့ကို ယာဉ်အစီးရေ (၃၉)စီးနဲ့ အောင်မင်္ဂလာအဝေးပြေးမှာ ဂိတ်စ၊ ဂိတ်ဆုံးထားပြီးပြေးဆွဲပေးခဲ့တာပါ။

ယာဉ်စီးခကိုတော့ အောင်မင်္ဂလာကားဂိတ်ကနေ သခင်မြပန်းခြံထိ (၅၀၀)ကျပ်သတ်မှတ်ထားပြီး ခရီးစဉ်အစအဆုံးကိုတော့ (၁၀၀၀)ကျပ်နဲ့ပြေးဆွဲပေးတာပါ။

COVID ကာလမှာတော့ မြို့ပတ်ယာဉ်တွေတင်မက မြို့နယ်အလိုက်ပြေးဆွဲပေးနေတဲ့ YBS ယာဉ်တွေမှာလည်း ယနေ့အထိ ခရီးသည်စီးနင်းမှုပုံမှန်မဖြစ်သေးပါဘူး။

ယခင်က ရန်ကုန်မြို့တွင်းမှာ YBS ယာဉ်အစီးရေ (၄၀၀၀)ကျော်နဲ့ပြေးဆွဲပေးခဲ့ရာ တစ်နေ့ကို ခရီးသည်က (၁၈)သိန်းကျော်စီးနင်းခဲ့ပါတယ်။

ယခုအခါမှာတော့ ခရီးသည်နည်းပါးမှုကြောင့် တစ်နေ့ကို YBS အစီးရေ (၃၅၀၀)ကျော်သာပြေးဆွဲနေရပြီး ခရီးသည်က (၇)သိန်းကျော်သာရှိသေးတယ်လို့ YRTAရဲ့ စစ်တမ်းများအရသိရပါတယ်။





က္က