ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့တာပါ။

ရန်ကုန်တစ်တိုင်းလုံးနီးပါးကို Stay Home (အိမ်မှာနေထိုင်ရေး) စည်းကမ်းချက် သတ်မှတ်ထားပေမယ့် ခြွင်းချက်အဖြစ် ပုဂ္ဂလိက လုပ်ငန်းအချို့ကိုတော့ ခွင့်ပြုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လုပ်ကိုင်ခွင့်ပြုတဲ့ လုပ်ငန်းတွေကတော့ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ စားသောက်ကုန်နဲ့ သား၊ငါး၊အအေးခန်းလုပ်ငန်း၊ ဆေးဝါးနဲ့ ဆေးပစ္စည်းလုပ်ငန်း၊ရေသန့်လုပ်ငန်း၊ နေ့စဉ် တစ်ကိုယ်ရေသုံးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်သမားတွေနဲ့ ဆက်စပ်ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူများ ကို ခွင့်ပြုထားတယ်လို့သိရပါတယ်။



ဒ့ါအပြင် ကယ်ဆယ်ရေးလေယာဉ်၊ကုန်ပစ္စည်းလေယာဉ်၊ အထူးစင်းလုံးငှားလေယာဉ်ခရီးစဉ်တွေ အတွက်ဝန်ဆောင်မှုပေးရတဲ့ လေကြောင်းလိုင်း၊ လေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွေ၊ မြေပြင်ဝန်ဆောင်မှုလုပ်ငန်းတွေ၊လေယာဉ်ဆီ ဖြည့်တင်းရေးလုပ်ငန်း၊ လေကြောင်းနဲ့ ကုန်စည် သွင်းပို့လုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရးဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီတွေ၊ အကောက်ခွန်ဝန်ဆောင်မှုကုမ္ပဏီအေဂျင်စီတွေ၊ လေယာဉ်တင် အစားအသောက် ထုတ်လုပ်တင်ပို့တဲ့လုပ်ငန်း၊ လေယာဉ်ပြုပြင်ထိန်းသိမ်း မွမ်းမံလုပ်ငန်းတွေ ဝန်ထမ်းတွေကို ခွင့်ပြုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး ခွင့်ပြုထားတဲ့ လုပ်ငန်းတွေထဲမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှာ နိုင်ငံတကာကုန်တင်သင်္ဘောတွေအတွက် ဝန်ဆောင်မှုပေးရတဲ့ ပုဂ္ဂလိက ဆိပ်ကမ်းတွေ၊ သင်္ဘောလိုင်းဌာနေကိုယ်စားလှယ်ရုံးတွေ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီတွေ၊ အကောက်ခွန်ဝန်ဆောင်မှုလုပ်ကိုင်တဲ့ ကုမ္ပဏီအေဂျင်စီတွေ၊ ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်း၊ ဆိပ်ကမ်း ပို့ကုန်/သွင်းကုန် သယ်ဆောင်တဲ့ ကုန်တင်မော်တော်ယာဉ်၊ ရေယာဉ်လုပ်ငန်းတွေ၊ ကုန်တွင်းကုန်သေတ္တာစခန်းတွေနဲ့ ကုန်းတွင်းဆိပ် ဝန်ထမ်းတွေ လည်းပါဝင်ပါတယ်။

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ စာပို့တိုက် ဝန်ဆောင်မှု လုပ်ငန်း၊ ကြိုးဖုန်းနဲ့ မိုဘိုင်းဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊အင်တာနက် ဝန်ဆောင်မှုတွေ၊ တာဝါနဲ့ ဖိုင်ဘာပြုပြင်တဲ့လုပ်ငန်းက ဝန်ထမ်းတွေကို လုပ်ကိုင်ခွင့်ပြုထားပြီး ဆိုင်ဖွင့်ပြီး တယ်လီဖုန်းရောင်းချတာ၊ ဒေတာ ရောင်းချတာတွေတော့ ခွင့်မပြုဘူးလို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ အချိန်တိုအတွင်း များပြားလာပြီး ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကိုကိုးကျွန်းမြို့နယ်က လွဲလို့ ရန်ကုန်တစ်တိုင်းလုံး မိမိအိမ်မှာနေထိုင်ရေးစည်းကမ်းချက်ကို စက်တင်ဘာ (၂၀) ရက်က ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီလိုထုတ်ပြန်ရာမှာတော့ ကုမ္ပဏီ၊အဖွဲ့အစည်းတွေက မိမိအိမ်မှာနေထိုင်ပြီး အလုပ်လုပ်ရန်၊ အစိုးရဝန်ထမ်းတွေကတော့ နှစ်ပတ်တက်၊ နှစ်ပတ် အိမ်မှာအလုပ်လုပ်ရန်၊ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေကိုတော့ စက်တင်ဘာ (၂၄) ရက်ကနေ အောက်တိုဘာ (၇) ရက်အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုရန် စသဖြင့် အမိန့်ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က