ထိုင်းနိုင်ငံမှာ ပြည်တွင်းကူးစက်မှုက မေလနှောင်းပိုင်းကစပြီး မရှိသလောက်ဖြစ်သွားပါပြီ။

ဇန်နဝါရီလကစပြီး ကိုဗစ် ၁၉ လူနာသစ်တွေ့ရှိတဲ့ ထိုင်းနိုင်ငံဟာ မေလဆန်းကစတင်ပြီး လူနာအရေအတွက် ၃၀၀၀ ကျော်ခဲ့တာာဖြစ်ပြီး မြန်မာနိုင်ငံက သြဂုတ်လလယ်အထိ အတည်ပြုလူနာ ၃၇၀ ကျော်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလလယ်မှာဆိုရင်တော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာတွေ့ရှိမှုက ထိုင်းနိုင်ငံထက် ကျော်လွန်သွားခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၃၈၉၄ ဦးရှိနေပြီး ထိုင်းနိုင်ငံမှာ ၃၄၉၀ ဦး ရှိနေပါတယ်။



ထိုင်းနိုင်ငံမှာ ပြည်တွင်းကူးစက်မှုက မေလ‌နှောင်းပိုင်းကစတင်ကာ ကင်းစင်သလောက်ဖြစ်သွားခဲ့ပြီး ရက် ၁၀၀ ကျော် ပိုးကင်းစင်ခဲ့ကာ စက်တင်ဘာလ ၃ ရက်နေ့မှာ အကျဥ််းထောင်သား တစ်ဦးမှာ ကိုဗစ်ပိုး တွေ့ရှိမှုရှိခဲ့တယ်လို့ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာလ ၁၇ ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ကိုဗစ် ၁၉ အခြေအနေပြဇယား (Source - georank)

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံတို့ရဲ့ အခြေအနေတွေကို ယှဥ်ထိုးပြီး မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကို အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာ မိုးအောင်ကျော်နိုင်က အခုလို ထောက်ပြပါတယ်။

"ဆရာအခုပဲ ဘန်ကောက်မှာနေတဲ့ ဆရာ့သူငယ်ချင်းနဲ့ အဆက်အသွယ်ရတယ်။ ထိုင်းမှာ ဘယ်လိုတွေဆောင်ရွက်သလဲလို့ အဓိကမေးလိုက်တာပေါ့။ သူတို့ဆီမှာတော့ သူက နမူနာတစ်ခုပြောပြတယ်။ သူက ကွန်ဒိုမှာနေတယ်ပေါ့နော်။ သူက အခန်းပြင်ထွက်လာပြီးတော့ အပြင်ထွက်တဲ့အခါမှာ Mask မေ့လာခဲ့တယ်။ ဓာတ်လှေကားက ဆင်းပြီး သူအပြင်ထွက်တဲ့အချိန် သူ့မှာ Mask မပါလာဘူးဆိုတာနဲ့ သူ့ကို ဘတ် ၅၀၀ (မြန်မာငွေ နှစ်သောင်းကျော်) ဒဏ်ရိုက်တယ်။ ပြီးလို့ရှိရင် ပါကင်ပိတ်တယ် စသည်အားဖြင့် ဥပဒေအရ အရေးယူတယ်ပေါ့။ ကြီးကြပ်မှုနဲ့ အ‌ရေးယူမှုနဲ့ ဥပဒေစိုးမိုးရေးကိစ္စတွေကို တိတိကျကျ လိုက်နာဆောင်ရွက်နိုင်လို့ သူတို့က အခုချိန်မှာ ကူးစက်မှုနှုန်းလျော့ကျအောင် လုပ်ပေးနိုင်တယ်လို့ သူတို့မြင်တယ်ပေါ့" လို့ ထိုင်းနိုင်ငံက အရေးယူဆောင်ရွက်မှုအပိုင်းနဲ့ ပတ်သက်ပြီး ဒေါက်တာမိုးအောင်ကျော်နိုင်က Duwun ကို ပြောပြပါတယ်။

ထိုင်းနိုင်ငံမှာ ပထမလှိုင်းအတွင်း ကူးစက်ခံရသူ ၃၀၀၀ ကျော်ထဲမှာ ပြည်တွင်းကူးစက်မှု ၇၀ ရာခိုင်နှုန်းကျော် (၂၄၀၀ ကျော်) ရှိခဲ့တယ်လို့ Office of International Cooperation,DDC MOPH ရဲ့ အချက်အလက်များအရ သိရပါတယ်။ မြန်မာနိုင်ငံက ပထမအကြိမ် ကူးစက်မှုကို အောင်အောင်မြင်မြင်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဒုတိယအကြိမ်မှာတော့ နေ့စဉ် ပြည်တွင်းကူးစက်မှုက ပိုးတွေ့လူနာရာနှင့်ချီရှိနေတာ နှစ်ပတ်ကျော်သွားခဲ့ပါပြီ။

စက်တင်ဘာလအတွင်း မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ နေ့စဉ် တွေ့ရှိတဲ့ ကိုဗစ် ၁၉ လူနာအရေအတွက်နှိုင်းယှဥ်ပြဇယား (Source - georank)

"ဆရာလည်းပြန်စဉ်းစားကြည့်တယ် ဆရာတို့တိုင်းပြည်မှာ ဘာဖြစ်လို့ ပထမအကြိမ် ထိန်းနိုင်ပြီး ဒုတိယအကြိမ် မထိန်းနိုင်လဲ။ ပထမအကြိမ်မှာကတော့ ပိုးသယ်ဆောင်ပြီးတော့ ပြည်ပက ဝင်ရောက်လာသူတွေ၊ နယ်စပ်က ဝင်လာသူတွေနဲ့ သူတို့ရဲ့ နီးစပ်ရာ ကွန်းတက်တွေကို လိုက်လံထိန်းချုပ်နိုင်လိုက်တဲ့အတွက်ကြောင့် သူတို့ဆီကနေတစ်ဆင့် ဆရာတို့ရဲ့ ပတ်ဝန်းကျင်ကို ပိုးတွေ မရောက်ရှိအောင် တားဆီးလိုက်နိုင်တယ်။ ဒါကြောင့်မို့လို့ ဆရာတို့တိုင်းပြည်မှာ ပထမတစ်ခေါက်မှာ သိပ်မဆိုးသွားဘူး။ ဒုတိယအခေါက်မှာကျတော့ ပြည်တွင်းပြန့်နှံ့မှုကနေ စတယ်။ နေရာအနှံ့ကို ရောက်တယ်။ ကိုယ့်ရဲ့အနားကိုရောက်လာတဲ့ ပိုးတွေကို မပြန့်ပွားအောင် Mask တပ်ပါဆိုတဲ့အခါမှာ မက်စ်မတပ်ဘဲနဲ့ သွားလာလှုပ်ရှားတဲ့သူဆီမှာ ပိုးရှိမှန်းလည်းမသိဘူး။ သွားလာလှုပ်ရှားရင်းနဲ့ သူ့ရဲ့ နီးစပ်ရာ နီးစပ်ရာကို ရန်ကုန်မှာဆိုရင် မြို့နယ် အကုန်လုံးနီးပါးကို ရောက်ရှိသွားတယ်ပေါ့" လို့ ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုပါတယ်။

စောင့်ရှောက်ကုသပေးမှုမှာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက ကွာခြားမှုသိပ်မရှိပေမဲ့ မြန်မာနိုင်ငံက အဓိက အားနည်းတဲ့အချက်တွေက (၁) စည်းကမ်လိုက်နာမှုမရှိကြလို့ (၂) စည်းကမ်းမလိုက်နာတဲ့သူတွေကို ကြီးကြပ်အရေးယူမှု အားနည်းလို့ ဒီနှစ်ချက်ကြောင့်မို့လို့ ပြန့်နှံ့မှု များနေရခြင်းဖြစ်တယ်လို့ ဒေါက်တာမိုးအောင်ကျော်နိုင်က သုံးသပ်ပါတယ်။

ထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၁၇ ရက်နေ့အထိ အတည်ပြုလူနာ ၃၄၉၀ ဦးရှိပြီး သေဆုံးသူ ၅၈ ဦးရှိပါတယ်။ လူနာ ၃၃၂၅ ဦးက ပြန်လည်သက်သာကောင်းမွန်သွားပြီဖြစ်လို့ ကုသဆဲလူနာက ၁၀၇ ဦးသာ ရှိပါတော့တယ်။


မြန်မာနိုင်ငံမှာတော့ စက်တင်ဘာလ ၁၇ ရက်နေ့မနက်ပိုင်းအထိ အတည်ပြူလူနာ ၃၈၉၄ ဦး၊ သေဆုံးလူနာ ၄၆ ဦးရှိကာ ပြန်လည်ကောင်းမွန်သူ ၉၀၈ ဦးရှိပြီး ကုသဆဲလူနာက ၂၉၄၀ ရှိနေပါတယ်။


မြန်မာနဲ့ထိုင်း အပါအဝင် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၅၇၀,၀၀၀ ကျော်၊ သေဆုံးသူ ၁၄,၀၀၀ နီးပါးနဲ့ ပြန်လည်သက်သာလာသူ ၄၃၇,၀၀၀ ကျော်ရှိကြောင်း ယနေ့ (စက်တင်ဘာ ၁၇ ရက်) မနက်ပိုင်းအထိ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရှိရပါတယ်။

အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်က ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂၆၉,၀၀၀ ကျော် တွေ့ရှိထားပါတယ်။ ဖိလစ်ပိုင်ပြီးလျှင် အင်ဒိုနီးရှားက ကူးစက်မှု ဒုတိယအများဆုံးဖြစ်ပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၂၅,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ထို့နောက် စင်ကာပူက ကူးစက်ခံရသူ ၅၇,၀၀၀ ကျော်၊ မလေးရှားက ၉,၉၀၀ ကျော်နဲ့ မြန်မာက ၃,၅၀၂ ဦးဖြင့် အရှေ့တောင်အာရှရဲ့ COVID-19 ကူးစက်မှုအများဆုံး ငါးနိုင်ငံစာရင်းမှာ အစဥ်လိုက် ရပ်တည်နေပါတယ်။

Share

Loading Next Article...
က္က