အိန္ဒိယကပြန်လာသူ တပ်မတော်သား ၁၈ ဦးအနက် ၄ ဦးမှာ ပိုးတွေ့ခဲ့တာပါ။
Mi Thawdar Aung

ဒီနေ့ ဇွန်လ ၁ ရက်မနက်က တွေ့ရှိခဲ့တဲ့ အိန္ဒိယပြန်ပိုးတွေ့လူနာ ၄ ဦးမှာ တပ်မတော်သားတွေဖြစ်ပြီး ပထမအကြိမ် ဓာတ်ခွဲနမူနာရယူတုန်းက ရောဂါပိုးမတွေ့ရှိခဲ့ဘဲ အခု ဒုတိယအကြိမ် စစ်ဆေးတော့မှ ရောဂါပိုးတွေ့ရှိခဲ့ရတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်နေတဲ့ တပ်မတော်သား ၁၈ ဦးဟာ မေလ ၂၄ ရက်က အစိုးရရဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်ရောက်လာကြပြီး အဲဒီနေ့မှာပဲ ပထမအကြိမ်စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိခဲ့ဘူးလို့သိရပါတယ်။

အဆိုပါတပ်မတော်သားတွေနဲ့ လေယာဉ်တစ်စီးတည်း စီးလာသူ အိန္ဒိယပြန် ၁၇ ဦးမှာ ရောဂါပိုးတွေ့ရှိတယ်လို့ မေလ ၃၀ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့နောက် ယင်းတပ်မတော်သား ၁၈ ဦးကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၄ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ဇွန်လ ၁ ရက်နေ့ မနက် ၇ နာရီမှာ သတင်းထုတ်ပြန်ထားပါတယ်။

“ သုတေသနပြုချက်တွေအရ ပိုးကူးစက်ခံရပြီးရင် ချက်ချင်း ပိုးမတွေ့ဘူးလို့ သိရတယ်။ အနည်းဆုံး ငါးရက်ကနေ ခုနှစ်ရက်လောက်မှာမှ ပိုးတွေ့နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်။ မေလ ၃၀ ရက်က အိန္ဒိယပြန် ၁၇ ယောက်မှာ ပိုးတွေ့တယ်ဆိုတော့ ဒီတပ်မတော်သားတွေကလည်း လေယာဉ်တစ်စီးတည်းစီးလာတာတော့ Positive ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီး ထပ်စစ်တော့ တပ်မတော်သား ၄ ယောက်မှာ Positive တွေ့လာတာပါ။ လေယာဉ်ပေါ်မှာကူးတာလို့တော့ အကြမ်းဖျင်းတော့ ယူဆရပါတယ် ” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီက Duwun ကိုပြောပါတယ်။

ဒါ့အပြင် အဆိုပါ ပိုးတွေ့လူနာ တပ်မတော်သား ၄ ဦးနဲ့ အတူထိတွေ့ခဲ့သူ ကျန်ရှိတဲ့ တပ်မတော်သား ၁၄ ဦးကိုလည်း နောက်ထက် ၃ ရက် သို့မဟုတ် ၅ ရက်ကြာရင် ထပ်မံပြီး ရောဂါပိုးရှိမရှိစစ်ဆေးသွားဖို့လည်း ရှိနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုပါတယ်။

လက်ရှိအချိန်အထိ တပ်မတော်သား ငါးဦးအထိ ရောဂါပိုးတွေ့ရှိထားပြီး ပထမဆုံး ပိုးတွေ့လူနာ တပ်မတော်သားကတော့ လူနာအမှတ် ၁၅၆ ဖြစ်ကာ ကုသမှုခံယူပြီး ပိုးကင်းစင်သွားပြီလည်းဖြစ်ပါတယ်။ ယခုပိုးတွေ့လူနာ တပ်မတော်သား ၄ ဦးကိုတော့ တပ်မတော်အသည်းရောဂါကုအထူးကုဆေးရုံကြီးမှာ ကုသမှုပးမယ်လို့လည်းသိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဇွန်လ ၁ ရက်နေ့အထိ ပြည်ပက ပြန်လာသူ ၄၆ ဦးမှာ ရောဂါပိုးတွေ့ထားပြီး အိန္ဒိယကပြန်လာသူ ၂၅ ဥိး၊ မလေးရှားပြန် ၁၂ ဦး၊ ယူအေအီးပြန် ၈ ဦးနဲ့ အီတလပြန် ၁ ဦးတို့ဖြစ်ပါတယ်။


က္က