ကာလအလိုက် စစ်တမ်းကောက်ယူမှုနဲ့သာဆိုင်တာပါ။

၂၀၁၈ ခုနှစ်အတွင်း အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားလူငယ်များရဲ့ အလုပ်လက်မဲ့နှုန်း ကျဆင်းနေသည်ဆိုသော အစိုးရ၏စစ်တမ်းသည် အမှန်တကယ် အလုပ်အကိုင်များရရှိသွား၍ မဟုတ်ဘဲ စစ်တမ်းကောက်သည့် ဧရိယာကျဉ်း၍သာ ယခုလိုရလဒ်မျိုး ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)ကနေ သိရပါတယ်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ်၊ နှစ်စဉ်လုပ်သားအင်အားစစ်တမ်း ပထမသုံးလပတ် အစီရင်ခံစာ (Annual Labour Force Survey 2018 Quarterly Report) မှာဖော်ပြထားချက်အရ အသက် ၁၅ နှစ်ကနေ အသက် ၂၄ နှစ်အကြားလူငယ်တွေအနေနဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁.၉ ရာခိုင်နှုန်းပဲဖြစ်တော့တာဖြစ်ပါတယ်။

အစဉ်အဆက်ကောက်ယူခဲ့တဲ့စစ်တမ်းတွေအရ ၂၀၁၅ ခုနှစ်စစ်တမ်းမှာ ၁.၆ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ် ပထမသုံးလပတ်စစ်တမ်းမှာ ၅ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ် နောက်ဆုံး သုံးလပတ်မှာ ၃ ရာခိုင်နှုန်းဖြစ်ကြပြီး ၂၀၁၈ ခုနှစ် ပထမသုံးလပတ်စစ်တမ်းမှာ ၁.၉ ရာခိုင်နှုန်းလို့ဖော်ပြထားတာဖြစ်ပါတယ်။

"အမှန်တကယ်တော့ ဒီစစ်တမ်းဟာ ကောက်ကွက်ဧရိယာ ကျဉ်းကျဉ်းလေးကို ကောက်ထားတာဖြစ်တဲ့ အတွက် ရလဒ်တွေပြောင်းကုန်တာဖြစ်ပါတယ်။ ဒီ ကဏ္ဍတင်မဟုတ်ဘဲ ကလေးအလုပ်သမားဆိုရင်လည်း ဒီစစ်တမ်းထဲမှာ တော်တော်လေးကို နည်းသွားတာတွေ့ရတယ်။ တကယ်တော့ ၂၀၁၅ ခုနှစ်က ကောက်ထားတဲ့ စစ်တမ်းကတော့ တစ်နိုင်ငံလုံးကိုခြုံငုံမိပါတယ်။ အခုထွက်လာတဲ့ စစ်တမ်းကတော့ မသေချာပါဘူး။"လို့ ILO (International Labour Organization) မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

၂၀၁၈ ခုနှစ် ပထမ ၃ လပတ်ဖြစ်တဲ့ ဖော်ဖေဝါရီလကနေ မတ်လအထိ စစ်တမ်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အိမ်ထောင်စုပေါင်း ၁၃၉၅၀ စုကိုသာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်စစ်တမ်းသည် အိမ်ထောင်စုပေါင်း ၂၄၀၀၀ ကို ကောက်ယူခဲ့သော စစ်တမ်းဖြစ်သောကြောင့် ထက်ဝက်နီးပါး ကွာခြားချက်ရှိနေခြင်းလည်း ဖြစ်ပါတယ်။



က္က