သေနတ် ၁ ချက်ပစ်ဖောက်ဖမ်းဆီးခဲ့ရတာပါ။

မင်္ဂလာဒုံမြို့နယ်မှာ အရက်မူးပြီး သောင်းကျန်းနေသူကို ရဲတပ်ဖွဲ့က သွားရောက်ထိန်းသိမ်းစဉ်မှာ ၂ ပေလောက်ရှိတဲ့ ဓားမနဲ့ ပြေးခုတ်တာကြောင့် သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သတင်းထုုတ်ပြန်ပါတယ်။

ဖြစ်စဉ်ကတော့ ဇန်နဝါရီလ ၅ ရက် မနက် ၄ နာရီခွဲအချိန်မှာ မဂံလာဒုံမြို့နယ်၊ ရွှေနံသာစံပြကျေးရွာနေ ချစ်သိန်း ဆိုသူမှာ အရက်မူပြီး တစ်ခြံတည်းနေတဲ့ မယားညီအစ်ကို ဦးအောင်မျိုးရဲ့ နေအိမ်ကို သံဘာဂျာတံခါးအား သွပ်နန်းကြိုးနဲ့ ပိတ်ချည်ကာ ဦးအောင်မျိုးပိုင် ကားရဲ့ ရှေ့နောက်မီးသီးတွေ၊ ဆိုင်ကယ်ရဲ့ ၁ ရှေ့မီးသီး/ဒိုင်ခွက်/ကာဘာတို့ကို တူနဲ့ ရိုက်ခွဲဖျက်ဆီးနေတာကြောင့် ထောက်ကြံနယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကျော်သက်ဝင်းပါ ၃ ဦးက သွားရောက်ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။



ရဲကသွားရောက်ထိန်းသိမ်းစဉ်မှာ ချစ်သိန်းက ဆဲဆိုပြီး ၂ ပေလောက်ရှိတဲ့ ဝါးရိုးတပ်ဓားမနဲ့ ရဲတပ်သားထွန်းလင်းဦးကို ပြေးဝင်ခုတ်ရာ ရဲတပ်ကြပ် ကျော်သက်ဝင်းမှ သေနတ်နဲ့ ၁ ချက် ပစ်ခတ်ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။

ချစ်သိန်းမှာ ဝဲပုခုံးညှပ်ရိုးအောက် ပေါက်ပြဲ ဒဏ်ရာ ၄ ချက်ရရှိခဲ့တာကြောင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဒဏ်ရာအခြေအနေကတော့မစိုးရိမ်ရဘူးလို့သိရပါတယ်။

လက်ရှိတော့ ချစ်သိန်းကို ထောက်ကြန့်နယ်မြေရဲစခန်း(ပ)၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/၄၂၇ (ဆဲဆိုမှု/ခြိမ်းခြောက်မှု/အကျိုးဖျက်ဆီးမှု)နဲ့ (ပ)၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၃၀၇ (တာဝန် ထမ်းဆောင်နေပြည်သူ့ဝန်ထမ်းအား လက်ရောက်မှု/ လူသတ်ရန်အားထုတ်မှု)တို့နဲ့ စစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က