လူရာကျော်သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခုပါ။

ဖားကန့်မြေပြိုမှုက နိုင်ငံအတွက် ဝမ်းနည်းစရာ ကိစ္စတစ်ခုလို့ အတိုင်ပင်ခံကပြောခဲ့ပြီး ဒီဖြစ်စဉ်က မြေပြိုမှုဖြစ်စဉ်မှာ လူအသေအပျောက်အများဆုံးဖြစ်ရပ်တစ်ခုဖြစ်ကာ ဒီကနေ့ နေ့လည် ၁၂နာရီအထိ သေဆုံးရုပ်အလောင်း (၁၆၇)ဦးနဲ့ ဒဏ်ရာရရှိသူ (၄၈)ဦးကို ရှာဖွေတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ်။

photo- Myanmar Fire Services Department

ဇူလိုင်လ (၂)ရက်နေ့မနက်အစောပိုင်းက ဖြစ်ပွါးခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်ကမြေပြိုကျမှုဖြစ်စဉ်က မြန်မာနိုင်ငံအတွက် ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီမနက်ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာပြောခဲ့ပါတယ်။

ဖားကန့်ကိုသွားပြီး ကျောက်တူးတယ်ဆိုတာ တော်တော်များများက ဝမ်းစားအတွက် အသက်မွေးဝမ်းကြောင်းအတွက် သွားလုပ်ကြရတာဖြစ်တယ်လို့ဆိုပါတယ်။

“ ဖားကန့်ကိစ္စဟာ ကျွန်မတို့နိုင်ငံအတွက် ဝမ်းနည်စရာကိစ္စတစ်ခုဖြစ်ပါတယ်။ တစ်ခုက ကျွန်မတို့အခြေခံပြည်သူတွေရဲ့ အခက်အခဲနဲ့ ပတ်သက်နေတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အခုလိုတွေ စားဝတ်နေရေးအတွက် တရားမဝင်ကျောက်တူးနေကြတယ်ဆိုတာက တရားဝင်အလုပ်ရဖို့ ခက်ခဲတဲ့အနေအထားတစ်ခုထိရှိနေသေးတယ်ဆိုတာပါပဲ”လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။

မနေ့ကဖြစ်ပွါးခဲ့တဲ့ ဖားကန့်က မြေပြိုမှုဖြစ်စဉ်က ဖြစ်ပွါးခဲ့တဲ့ ဖြစ်စဉ်တစ်လျှောက် လူအသေအပျောက်အများဆုံးနဲ့ အဆိုးဆုံးဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်ထိလည်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေရဆဲဖြစ်သလို သေဆုံးသွားသူတွေအတွက်ကိုလည်း အကောင်းဆုံးဖြစ်အောင်ကူညီဖို့အတွက် စဉ်းစားရမှာဖြစ်တယ်လို့ ဖားကန့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက Duwun ကိုပြောပါတယ်။

photo- Myanmar Fire Services Department

“ ဖြစ်သွားပြီဆိုမှတော့ သေဆုံးသွားတဲ့သူတွေအတွက်အကောင်းဆုံးဖြစ်အောင်ပဲ လုပ်ပေးရတော့မှာပါ။ အခုလို မိုးတွင်းကာလမှာဆို ဒီလိုနေရာတွေက အရမ်းအန္တရာယ်များတော့ ကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေကိုတောင်ရပ်နားထားတာ။ ရေမဆေးကျောက်ရှာဖွေတဲ့သူတွေအနေနဲ့ကျတော့ ကျောက်လေးတစ်ပွင့်ရရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့လုပ်ကြတာပေါ့။ အန္တရာယ်ရှိပေမယ်လည်း မိုးရွာပြီး မထက်မှတ်တဲ့အချိန်မှာဖြစ်လာတော့ နောက်ဆုံး ရေမဆေးသမားတွေကို သွားထိတာပါပဲ”လို့ ဦးဒါရှီလဆိုင်းကပြောပါတယ်။

ဒီကနေ့ နေ့လည် ၁၂နာရီအထိ မြေပြိုကျမှု ဖြစ်စဉ်အတွင်း သေဆုံးရုပ်အလောင်း (၁၆၇)ဦးနဲ့ ဒဏ်ရာရရှိသူ (၄၈)ဦးကို ရှာဖွေတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ်။

လက်ရှိမှာ မြေပြိုမှုဖြစ်စဉ်အတွင်း သေးဆုံး ဒဏ်ရာရရှိခဲ့တဲ့သူတွေအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က သိန်း (၅၀၀)၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက သိန်း(၅၀၀)၊တပ်မတော် ကြည်း၊ရေ၊လေ မိသားစုက သိန်း(၅၀၀)နဲ့ တခြားအလှူရှင်များကလည်း ထည့်ဝင်လှူဒါန်းမှုတွေရှိတယ်လို့ သိရပါတယ်။



Share

Loading Next Article...
က္က