ဇန်နဝါရီ ၄ ရက်ကနေ ၆ ရက်အထိ ကျင်းပနေပါတယ်။

အလုံမြို့နယ်ရှိ ကရင်ခြံမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မှာရှိတဲ့ ကရင်လူမျိုး ၂၅၀၀ ကျော်တတ်ရောက်ခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီကနေ သိရပါတယ်။

၁၉၃၈ ခုနှစ် ကစတင်ကာ ပြာသိုလဆန်းတစ်ရက်နေ့ကို ကရင်နှုစ်သစ်ကူးနေ့ အဖြစ်သတ်မှတ်ခဲ့ပြီး အဆိုပါနှစ်ကတည်းက အလုံကရင်ခြံမှာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပလာခဲ့တာဖြစ်တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီအတွင်းရေးမှူး စောမင်းလွိုက်က ပြောပါတယ်။

“ကရင်ခေါင်းဆောင်တွေအများစုက အလုံကရင်ခြံမှာ ၁၉၃၈ ခုနှစ်ကစပြီး နှစ်သစ်ကူးပွဲကျင်းပပါတယ်။  ၁၉၃၀၀န်းကျင်ကျော်ကျော်မှာ ကရင်အမျိုးသားလှုပ်ရှားမှုတွေရှိလာခဲ့ပြီးတဲ့နောက်မှာ နှစ်သစ်ကူးနေ့ကို တစ်ကွဲတစ်ပြားစီ လုပ်ကြမယ့်အစား တစ်ရက်ကို သတ်သတ်မှတ်မှတ်ကျင်းပမယ်လို့ ဆုံးဖြတ်ပြီးတော့ ဒီနေ့ကို သတ်မှတ်ခဲ့တာပါ” လို့ စောမင်းလွိုက်က ပြောပါတယ်။

ကရင်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၄ ရက်ကနေ ၆ ရက်အထိကျင်းပနေပြီး ဒီနေ့နှစ်သစ်ကူးနေ့ရဲ့ မနက်အစောပိုင်းမှာ ကရင်အမျိုးသား အလံတင်အခမ်းအနား ပြုလုပ်ခဲ့ပြီး ရိုးရာသီချင်းတွေ၊ရိုးရာ အကတွေဖြစ်တဲ့ဒုံးယိမ်းအကတွေနဲ့ သီဆိုဖျော်ဖြေမှုတွေကို စည်စည်ကားကားကျင်းပခဲ့ပါတယ်။

“ နှစ်တိုင်း ပိုပြီးစည်စည်ကားကားကျင်းပနိုင်လို့ ဂုဏ်ယူမိပါတယ်။ကရင်အမျိုးသားတွေက နှစ်သစ်ကူးမှမဟုတ်ပါဘူး။ဘယ်နေရာရောက်ရောက် စည်းစည်းလုံးလုံးရှိတဲ့အတွက်လည်း ဝမ်းသာမိပါတယ်” လို့ ပွဲကို လာရောက်ခဲ့တဲ့ ကရင်တိုင်းရင်းသူ နော်ဆာဆဲဝါးက ပြောပါတယ်။

ကရင်နှစ်သစ်ကူးနေ့ကို ကရင်လူမျိုးတွေစိုက်ပျိုးထားတဲ့ ကောက်သစ်တွေ ထွက်တဲ့အချိန်မှာ ပြုလုပ်တဲ့အတွက် ယခင်က ကောက်သစ်စားပွဲလို့ ခေါ်ဆိုပြီး ရိုးရာဓလေ့အဖြစ်ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်နဲ့ဧည့်ခံလေ့ရှိတယ်လို့လည်းသိရပါတယ်။



က္က