အလုပ်သမားပေါင်း ၂၀၀ ကျော်ဆီက လိမ်ခဲ့တာပါ။
ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလိုင်စင် မရှိပဲ လိုင်စင်ရှိသယောင် ဟန်ဆောင်ပြီး ပုံမှားရိုက်ကာ အလုပ်သမား၂၀၀ကျော်ထံမှ ငွေကြေးလိမ်လည်နေတဲ့ ဂိုဏ်းကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ကနေ သိရပါတယ်။

Photo - MOEAF



လိုင်စင်ရှိသယောင် ဟန်ဆောင်ပြီး အလုပ်သမား၂၀၀ ကျော်ဆီကနေ တစ်ဦးကို ၁၀ သိန်းဝန်းကျင် လိမ်လည်ခဲ့တဲ့ ချင်းမိုင်ကုမ္ပဏီအမည်ခံ လူလိမ်ဂိုဏ်းအား ဖမ်းဆီးနိုင်ခဲ့တယ်လို့ MOEAF က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ကုမ္ပဏီဟာ မြောက်ဥက္ကလာမြို့နယ်မှာ ဖွင့်လှစ်ထားရှိပြီး ချင်းမိုင်ကုမ္ပဏီ ပြည်ပအလုပ်အကိုင်အေဂျင်စီ ဆိုင်းဘုတ်တပ်ပြီး အနယ်နယ်အရပ်ရပ်ရှိ ပွဲစားတွေနဲ့ပေါင်းကာ တောရွာနေ လူငယ်လူရွယ်တွေကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးမယ်ဆိုပြီး လိမ်လည်ခဲ့တာဖြစ်ပါတယ်။

ချင်းမိုင် ကုမ္ပဏီဟာ Service လိုင်စင်သာရယူထားပြီး ပြည်ပအလုပ်အကိုင်လိုင်စင်မရှိပဲ လုပ်သားစုဆောင်းခြင်း၊ ငွေကြေးလိမ်လည်ကောက်ခံခြင်းများကို ဂိုဏ်းဖွဲ့ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ဦးဆီကနေ ကျပ် ၁၀ သိန်းဆီရယူခဲ့တဲ့ အလုပ်သမား ၂၀၀ကျော်ရှိပြီး မြဝတီမြို့မှာ ၂၈ ရက်ကနေ ၃ လကျော်အထိ နေခဲ့ကြရကြောင်းလည်း သိရပါတယ်။ ထိုကဲ့သို့ တရားမဝင်ပို့ဆောင်ပေးခဲ့တဲ့ လူပေါင်း ၁၀၀၀ကျော်ရှိပြီဖြစ်ပါတယ်။

Photo - MOEAF

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) အမှုဆောင် ဦးကျော်ထင်ကျော် က လိုအပ်တာတွေ စီစစ်ဆောင်ရွက်ခဲ့ပြီး တရားခံများဖမ်းမိနိုင်ရေးအတွက် မြောက်ဥက္ကလာ ဝေဘာဂီရဲစခန်းမှာ အမှုဖွင့်တိုင်ကြားဆောင်ရွက်ပေးခဲ့ကြောင်း Duwun ကိုပြောပါတယ်။

"ရဲကတော့လိုက်ဖမ်းပြီ၊ ၆ယောက်မိထားပြီ။ ဒါဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူရမယ်။ ဒီတခါတော့ MOEAF အနေနဲ့ ထိထိရောက်ရောက်ကို စောင့်ကြည့်သွားပါမယ်။"လို့ MOEAF ရဲ့ အမှုဆောင် ဦးကျော်ထင်ကျော်ကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က