နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပါတယ်။
Mi Thawdar Aung

ငါးလုပ်ငန်းကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတို့မှာ ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ နားလည်မှုစာချွန်လွှာ (၃) ခုမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

Photo- Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကိုရီးယားနိုင်ငံခရီးစဉ်အတွင်း ကိုရီးယားနိုင်ငံသမ္မတနဲ့ သီးသန့်တွေ့ဆုံပွဲလုပ်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (၃) ခုမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ(၂၆)ရက် ကကျင်းပတဲ့ အာဆီယံ-ကိုရီးယား ဆက်ဆံရေး နှစ် (၃၀) ပြည့်ထိပ်သီးအစည်းအဝေးရဲ့ ဖွင့်ပွဲအခမ်းအနားအပြီးမှာ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ သီးသန့်တွေ့ဆုံပွဲနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့တာပါ။ 

သီးသန့်တွေ့ဆုံပွဲမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်လက်တိုးတက်ရေး၊မကြာသေးခင်က ကိုရီးယားသမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူခဲ့တဲ့ ကိစ္စတွေရဲ့ တိုးတက်မှု ၊ ယဉ်ကျေးမှု၊ပညာရေး၊ စိုက်ပျိုးရေး၊ရေလုပ်ငန်း၊သဘာဝပတ်ဝန်းကျင်၊ အခြေခံအဆောက်အအုံတွေနဲ့ ကျေးလက်ဖွံဖြိုးရေးတွေမှာ ပူးပေါင်းရေး၊ ပြည်သူအချင်းချင်းဆက်ဆံမှု တိုးတက်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုဝင်ဘာ (၂၅) ရက် ညနေပိုင်းကလည်း ကိုရီးယားနိုင်ငံ ဘူဆန်မြို့က နိုင်ငံခြားဘာသာသင်တက္ကသိုလ်မှာ သင်ကြားနေတဲ့ မြန်မာကျောင်းသားကျောင်းသူတွေ၊ မြန်မာစာသင်ကြားနေတဲ့ ကိုရီးယားလူမျိုး ကျောင်းသားကျောင်းသူတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။

Photo- Myanmar State Counsellor Office (အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဘူဆန်နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားကျောင်းသူများ ရင်းရင်းနှီးနှီးတွေ့ဆုံ)

ပြည်သူတွေနဲ့ ကျောင်းသားတွေအကြားယဉ်ကျေးမှု၊ ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေး၊ ကျောင်းသားလူငယ်ထုအကြား မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး၊ မြန်မာစာသင်ကြားနေတဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကျင့်သုံးနေတာတွေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေက မေးမြန်းခဲ့ကြရာ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုရီးယားသမ္မတ မွန်ဂျေအင်းရဲ့ ဖိတ်ကြားချက်အရ ဘူဆန်မြို့မှာ ကျင်းပတဲ့ အာဆီယံ-ကိုရီးယားဆွေးနွေးဖက် ဆက်ဆံရေး နှစ် (၃၀) ပြည့်ထိပ်သီးအစည်းအဝေး နဲ့ မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးတို့ကို တက်ရောက်ဖို့ နိုဝင်ဘာ (၂၄) ရက်ညနေပိုင်းကတည်းက ဘူဆန်မြို့ကို ရောက်ရှိနေခဲ့တာပါ။

ကိုရီးယားသမ္မတ မွန်ဂျေအင်းဟာ စက်တင်ဘာလပိုင်းတုန်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ-ကိုရီယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေအတွက် နားလည်မှု စာချွန်လွှာ ခြောက်ခု လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။


က္က