အထက်တန်းကျောင်းတွေကို ကိုဗစ် သတ်မှတ်စည်းမျဥ််း အချက် ၈၀နဲ့ စစ်ဆေးခဲ့တာပါ။
Kyaw Ko Ko Sint

အထက်တန်းကျောင်းတွေကို သတ်မှတ်စည်းမျဥ်း အချက် ၈၀နဲ့စစ်ဆေးခဲ့ပြီး အလယ်တန်းနဲ့ မူလတန်းကျောင်း တွေကိုမူ မဖြစ်မနေ ဖြည့်ဆည်းရမယ့်အချက်တွေသာ ဆောင်ရွက်ခိုင်းမှာဖြစ်ကာ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အ ချက်တွေကို လျော့ချပေးနိုင်ရေး ဌာနပေါင်းစုံပါဝင်တဲ့ အစည်းအဝေး လုပ်ဆောင်ကာ ညှိနှိုင်းစည်းဝေးသွားမှာပါ။



ပညာရေးဝန်ကြီးဌာနက အထက်တန်းအဆင့် ကျောင်းတွေကို ကိုဗစ်သတ်မှတ်စည်းမျဥ်းတွေနဲ့အညီ ကျောင်းတွေ ပြန်ဖွင့်နိုင်‌ရေး စစ်ဆေးခဲ့ရာမှာ အခြေခံ အချက်ပေါင်း ၈၀ သတ်မှတ်စစ်ဆေးခဲ့ပြီး အေအဆင့် ရရှိခဲ့တဲ့ ကျောင်းတွေ ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။



အလားတူပဲ အလယ်တန်းနဲ့မူလတန်းကျောင်းတွကိုလည်း ဆက်လက်စစ်ဆေးသွားမှာဖြစ်ပေမယ့် အထက်တန်း ကျောင်းတွေလောက် သတ်မှတ်ချက်မများစေမဲ့ မဖြစ်မနေ ဖြည့်ဆည်းရမယ့် အချက်တွေလောက်သာ လမ်းညွှန် ချက်ပေးကာ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အချက်တွေကို လျှော့ချပေးနိုင်ရေး ဒီကနေ့ ဇူလိုင်လ ၂၁ရက်နေ့မှာ စည်းဝေး ဆုံးဖြတ်သွားမယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။

ဒါ့အပြင် မူလက သြဂုတ်လ ၄ရက်နေ့နဲ့ ၁၁ရက်နေ့တွေမှာ ဆက်တိုက်ဖွင့်လှစ်ဖို့ စီစဥ်ထားတဲ့ အလယ်တန်းနဲ့ မူလတန်း ကျောင်းတွေကို ရက်အကန့်အသတ်မရှိ နောက်ဆုတ်ထားတယ်လို့လည်း သိရပါတယ်။

အခုလို နောက်ဆုတ်ရတာကတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီရဲ့ ညွှန်ကြားမှုကြောင့် ဖြစ်ပြီး အထက် တန်းကျောင်းတွေကို စစ်ဆေးခဲ့သလိုပဲ အေ၊ဘီ၊စီ အဆင့်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီ စစ်ဆေးကာ ဖွင့်လှစ်နိုင် ရေး လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

“အထက်တန်းကျောင်းတွေနည်းတူ အလယ်တန်းနဲ့မူလတန်းတွေကိုလည်း စစ်ဆေးသွားမယ်၊ဒီလိုစစ်ဆေးရာမှာ အထက်တန်းတွေကို စစ်ဆေးခဲ့တာ အချက် ၈၀ ရှိပြီး အခု လယ်၊မူကိုတော့ အချက်တွေ ကို လျော့ချပေးနိုင်ရေး စည်းဝေးသွားမယ်။အဓိကကတော့ ကျစ်ကျစ်လျစ်လျစ် ရှိဖို့ ဖြစ်ပြီး မဖြစ်မနေဖြည့်ဆည်းရမယ့်အရာတွေတော့ ဖြည့်ရမှာဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အချက်တွေကို လျှော့ချပေးဖို့ ဖြစ်ပါတယ်။”လို့ ဒု-ညွှန်ချုပ် ဦးတင်မောင်ဝင်းက ပြောပါတယ်။

ဒီနေ့မှာတော့ အေအဆင့် ရှိတဲ့ အထက်တန်းကျောင်းပေါင်း ၃၇၇၂ကျောင်း စတင်ဖွင့်လှစ်ခွင့်ရခဲ့ပြီး ဘီအဆင့် ရရှိခဲ့တဲ့ ကျောင်း ၁၂၂၀နဲ့ စီအဆင့် ရရှိခဲ့တဲ့ ကျောင်းပေါင်း ၈၃၈ကျောင်း စုစုပေါင်း ၂၀၅၈ကျောင်းကို ဒုတိယ အဆင့်အနေနဲ့ ဆက်လက်ဖွင့်လှစ်နိုင်ရေး စစ်ဆေးရေးတွေ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ အထက်တန်းကျောင်းက ၇၁၇၃ကျောင်းရှိပြီး အလယ်တန်းနဲ့ မူလတန်းကျောင်းတွေပြန်ဖွင့်မယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကျောင်းပေါင်း ၄ သောင်းကျော်ရှိမှာဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Kyaw Ko Ko Sint

    Content Editor/Reporter


က္က