မြန်မာပြည်ကို Remdesivir ဆေးအလုံးတစ်ထောင်လှူဒါန်းဖို့ အလှူရှင်တွေလည်းရှိနေပါတယ်။

အမေရိကန်နိုင်ငံမှာအသုံးပြုနေတဲ့ COVID-19 ရောဂါ အမြန်ဆုံးသက်သာစေတဲ့ Remdesivir ဆေးတွေကို မြန်မာနိုင်ငံကို ရောင်းချပေးနိုင်အောင် အဆိုပါဆေးကုမ္ပဏီကို ကမ်းလှမ်းထားတယ်လို့ အလှူရှင်တစ်ဦးဖြစ်သူ အမေရိကန်နိုင်ငံရောက် မြန်မာအထွေထွေရောဂါကုသမားတော် ဒေါက်တာ ကျော်ကျော်ဝင်း (Eric Yang) က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံကို Remdesivir ဆေးတွေလှူဒါန်းဖို့ အလှူရှင် သုံးဦးရှိနေပြီး အရန်အနေနဲ့ ဆေးအလုံးတစ်ထောင် ရောင်းချပေးနိုင်ဖို့ ကုမ္ပဏီကို ဆက်သွယ်ထားတယ်လို့ ဒေါက်တာကျော်ကျော်ဝင်း (Eric Yang) က ဒီနေ့မှာပြုလုပ်ခဲ့တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီဒီယိုတွေ့ဆုံမှုကတစ်ဆင့် တင်ပြခဲ့ပါတယ်။



 “ ဒီဆေးတွေ လှူဒါန်းနိုင်ဖို့အတွက် ကျွန်တော်တို့မှာအလှူရှင်ရှိတဲ့အတွက် ကျွန်တော်က ဆေးကုမ္ပဏီကို ဆက်သွယ်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကူးစက်မှုနှုန်းလည်းနည်းတယ်။ ဖြစ်ပွားမှုနှုန်းလည်းနည်းတော့ မြန်မြန်ပျောက်စေချင်တော့ ကျွန်တော်တို့ကို ဦးစားပေးပါဆိုပြီးတော့ သူတို့က ကျွန်တော်တို့ နိုင်ငံရဲ့ စေတနာထက်သန်တာကို အရမ်းအံ့အားသင့်သွားပါတယ်။ CEO ကိုယ်တိုင်က ကျွန်တော့်ကို ဖုန်းဆက်ပါတယ်။ တကယ်ပဲ အလှူရှင်ရှိတာလားဆိုပြီးတော့ အလှူရှင် သုံးယောက်ရှိပါတယ်။ ဆေးအလုံးတစ်ထောင် အရန်အနေနဲ့ ရောင်းပေးပါဆိုပြီးပြောခဲ့ပါတယ်။ ကျွန်တော်က ဒါလေးကို အမေ့ကို တင်ပြချင်ပါတယ်။ အမေက ဦးဆောင်ပြီး ကျန်းမာရေးဝန်ကြီးဌာနက တစ်ဆင့် ဆေးကုမ္ပဏီကို တင်ပြထားလို့ရအောင်ပါ။ ကုမ္ပဏီဘက်ကလည်း ဂျပန်ပြီးရင် ကမ္ဘာ့နိုင်ငံအသီးသီးကိုရောင်းခွင့်ပြုခဲ့ရင် မြန်မာနိုင်ငံကို ဦးစားပေးမယ်ဆိုပြီးတော့လည်း ဆက်သွယ်လာပါတယ်။” လို့ ဒေါက်တာ ကျော်ကျော်ဝင်း (Eric Yang) ကဆိုပါတယ်။

Remdesivir ဆေးကို အမေရိကန်နိုင်ငံ၊ကယ်လ်ဖိုးနီးယားပြည်နယ် Gilead Sciences ကုမ္ပဏီက ထုတ်လုပ်ထားပြီး အမေရိကန် FDA က ခွင့်ပြုထားပြီးဖြစ်ကာ လက်ရှိ အမေရိကန်က COVID-19 ကုသပေးနိုင်တဲ့ ဆေးရုံတွေမှာ အသုံးပြုနေတယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ COVID-19 ကုသရေးမှာ ထိုးဆေးအဖြစ် အသုံးပြုနေတဲ့ Avigan ဆေးတွေကိုလည်း မြန်မာနိုင်ငံကို အမြန်ဆုံးတင်ပို့နိုင်အောင်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတစ်ဆင့် ဂျပန်ဝန်ကြီးချုပ်ကို အထူးတင်ပြရင် ပိုပြီးထိရောက်မယ်လို့ ဒေါက်တာ ကျော်ကျော်ဝင်း (Eric Yang) ကပြောခဲ့ပါတယ်။

“ ဂျပန်မှာထုတ်နေတဲ့ဆေးက ဆေးလုံးအဝါလေးတွေပါ။ သူက Positive ဖြစ်ပြီဆိုတာနဲ့ သောက်လို့ရပြီ။ အောက်ဆီဂျင်တွေ မလိုတော့ဘူး ။ မြန်မြန်သက်သာလာတယ်။ ဒီဆေးကိုလည်း အမေကနေ ဂျပန်ဝန်ကြီးချုပ်ကို Special Request လုပ်ပြီး မြန်မာနိုင်ငံကိုကူးသန်းရောင်းဝယ်ခွင့်ပြုရင် ကုသရေးပိုင်း ပိုမိုလွယ်ကူလာပါလိမ့်မယ်။” လို့ ဆိုပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလိုတင်ပြတဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း၊ ဒီနေ့ မေလ ၂၇ ရက် နေ့လယ်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးနဲ့ ပြုလုပ်မယ့် အစည်းအဝေးမှာ ဒီကိစ္စကို အဓိကထားဆွေးနွေးသွားမယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရှိ လူပေါင်း ၁၀၀ ကို ကုသပေးနိုင်ဖို့ ဗိုင်းရပ်စ်နှိမ်နင်းရေးဆေးဝါး (Avigan) ဆေးဝါး ၁၂၂၀၀ ကို မြန်မာအစိုးရကို ထောက်ပံ့ပေးခဲ့တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက မေလ ၂၅ ရက်က သတင်းထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က