၂၀၂၀ မှာတော့ အမည်ပေါက်မရှိတဲ့ယာဉ်များကို သက်တမ်းတိုးပေးတော့မှာမဟုတ်ပါဘူး။
Ei Ei Htun

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အခုလတ်တလောမှာ အမည်ပေါက်မရှိတဲ့ သက်တမ်းတိုးယာဉ်များကို အမည်ပေါက်ပြောင်းလဲပေးနေပေမဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး အမည်ပေါက်ရှိမှ သက်တမ်းတိုးပေးတော့မယ်လို့ ဆိုပါတယ်။

၂၀၂၀ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ကစတင်ပြီး မော်တော်ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ယာဉ်အမည်ပေါက်ပိုင်ဆိုင်သူ မှန်ကန်မှသာ သက်တမ်းတိုးပေးတော့မှာဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာလ (၂၅)ရက်နေ့က နိုင်ငံပါသတင်းစာတွေမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၂၀မတိုင်ခင်မှာသက်တမ်းလာတိုးတဲ့ယာဉ်တွေအနေနဲ့ အမည်ပေါက်မရှိပါက အမည်ပေါက်ပြောင်းလဲပေးခြင်းနဲ့အတူ သက်တမ်းတိုးခြင်းကိုဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

“ မှတ်ပုံတင်၊ နေရပ်လိပ်စာတိကျမှန်ကန်ဖို့ကတော့ ယာဉ်ပိုင်ရှင်တိုင်းရဲ့တာဝန်ပဲလေ။ နဂိုကတည်းကနာမည်ပေါက်ပြီးသားလူတွေကတော့ ဘာပြဿနာမရှိဘူးလေ။ နာမည်ပေါက်မရှိဘူးဆိုရင်တော့ ၂၀၂၀ကစပြီးမတိုးပေးဘူး။ ၂၀၂၀မတိုင်ခင်မှာ သက်တမ်းတိုးတဲ့ ယာဉ်တွေထဲက အမည်ပေါက်မရှိသေးဘူးဆို အမည်ပေါက်လုပ်ပေးပြီးတော့ သက်တမ်းတိုးပေးတယ်။ အခုထုတ်ပြန်လိုက်တာလည်း ယာဉ်ပိုင်ရှင်တွေကို အမည်ပေါက်လုပ်ဖို့ တိုက်တွန်းလိုက်တဲ့သဘောပဲ” လို့ ရန်ကုန်တိုင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးလျန်ကျင့်မန်က Duwun ကိုပြောပါတယ်။

၂၀၂၀ခုနှစ်ကစလို့ မော်တော်ယာဉ်တွေအနေနဲ့ သက်တမ်းတိုးလုပ်ငန်းကိုဆောင်ရွက်မယ်ဆိုပါက အမည်ပေါက်ပိုင်ရှင်ရဲ့နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုလူဦးရေစာရင်းမူရင်းများနဲ့ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပြီးတော့ တင်ပြနိုင်ခြင်းမရှိပါက ယာဉ်လက်ဝယ်ရှိသူရဲ့အမည်ပြောင်းရန် ပြည်တွင်းအခွန်ဦးစီးဌာနမှဝင်ငွေခွန်ဆောင်ရမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ မဖြစ်မနေ အမည်ပေါက်လုပ်ငန်းဆောင်ရွက်ပြီးမှသာ မော်တော်ယာဉ်များကို သက်တမ်းတိုးဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။


က္က