လျှောက်လွှာတွေကို ဒီဇင်ဘာ ၁ ရက် ကစတင်ထုတ်ယူနိုင်ပါတယ်။
Mi Thawdar Aung

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း ပေ (၈၀) ပတ်လည်ရှိတဲ့ မြေကွက် ၁၉၇ ကွက်ကို ရောင်းချပေးမှာဖြစ်ပြီး တစ်ကွက်ကို ယခင် သတ်မှတ်ဈေးနှုန်း ငွေကျပ် သိန်း (၃၅၀) ကနေ ကျပ် သိန်း (၂၅၀) အထိ ဈေးလျှော့ ရောင်းချပေးသွားမယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ပါတယ်။





မြေကွက်လျှောက်လွှာပုံစံ

လျှောက်ထားသူများအနေနဲ့ မြေကွက်ဝယ်ယူခွင့်ရရှိပါက တန်ဖိုးငွေကို တစ်ကြိမ်တည်းပေးသွင်းရမှာ ဖြစ်ပြီး အမှန်တကယ် နေအိမ်ဆောက်လုပ်နေထိုင်သူ၊ မြေကွက်စတင်ချထားသည့်နေ့မှ ခြောက်လအတွင်း ခြံစည်းရိုး ကာရံရမှာ ဖြစ်ပြီး ၁ နှစ်အတွင်း နေအိမ်အပြီး ဆောက်လုပ်ရမယ်လို့ နေပြည်တော်စည်ပင်က ကြေညာထားတာပါ။

လျှောက်ထားသူ ၁ ဦးကို မြေ ၁ ကွက်သာ ဝယ်ယူခွင့် ရရှိပြီး နေအိမ်ဆောက်လုပ်ပြီးမှသာ နှစ် (၃၀) မြေဌားစာချုပ်ချထားပေးမှာဖြစ်သလို နေအိမ်မဆောက်လုပ်ပါက ပေးသွင်းထားတဲ့ မြေတန်ဖိုးကို ပြန်လည်ထုတ်ပေးမှာမဟုတ်ဘဲ စည်ပင်ကနေ မြေကွက်ကို သိမ်းဆည်းမယ်လို့ ဆိုပါတယ်။

Photo- ဇော်ထက်သာ (နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း အိမ်ခြံမြေများ။)

ခြံစည်းရိုးကာရံခြင်း၊ နေအိမ်ဆောက်လုပ်ခြင်းတွေကို အင်ဂျင်နီယာဌာန (အဆောက်အအုံ) ရဲ့ ခွင့်ပြုချက်ရယူရမှာဖြစ်ပြီး မြေကွက်ကို ခွဲစိတ်ကာ တစ်ဆင့်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းနဲ့ ပေးကမ်းခြင်းတွေ မပြုလုပ်ရဘူးလို့ သိရပါတယ်။

မြေကွက် ဝယ်ယူသူများ အနေနဲ့ သန့်ရှင်းသာယာလှပရေးအတွက် မြေကွက်အတွင်း အရိပ်ရပင်တွေ၊ အလှပင်တွေ စိုက်ပျိုးရမှာဖြစ်ပြီး နေပြည်တော်စည်ပင်ကနေ အခါအားလျော်စွာ သတ်မှတ်တဲ့စည်းကမ်းချက်တွေ လိုက်နာရမယ်လို့ ဆိုပါတယ်။

မြေကွက်လျှောက်လွှာတွေကို ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၀ ရက် ညနေ ၄ နာရီခွဲအထိ ရုံးချိန်းအတွင်း လျှောက်ထားရမှာဖြစ်ပြီး လျှောက်လွှာတွေကို www.nptdc.gov.mm က တစ်ဆင့် Download ရယူနိုင်တယ်လို့ သိရပါတယ်။

“ လျှောက်လွှာတွေကို လာဝယ်စရာ မလိုပါဘူး။ ပေးထားတဲ့ webstie ကတစ်ဆင့် Download လုပ်နိုင်ပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နောက်ဆုံးထားပြီး ကျွန်တော်တို့ ဌာနမှ လာရောက် လျှောက်ထားရမှာပါ” လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

လျှောက်လွှာနဲ့အတူ မှတ်ပုံတင်ကဒ်မိတ္တူ၊ အိမ်ထောင်စုဇယား မိတ္တူ၊ရပ်ကွက်/ရဲစခန်းထောက်ခံစာ၊ ခြောက်လအတွင်း ရိုက်ကူးထားတဲ့ ပတ်စ်ပို့ဓာတ်ပုံ (၂) ပုံပူးတွဲပေးရမယ်လို့ ကြေညာထားပါတယ်။

မြေကွက်တွေကို မဲစနစ်နဲ့ ရောင်းချပေးမှာ ဖြစ်ပြီး မဲနှိုက်မယ့် နေ့ရက်ကို (၇) ရက်ကြိုတင်ကာ နိုင်ငံပိုင် နေ့စဉ်ထုတ်သတင်းစာများနဲ့ နေ www.nptdc.gov.mm ကတစ်ဆင့် ကြေညာပေးမယ်လို့ ဆိုပါတယ်။

အသေးစိတ်သိရှိလိုပါက မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ၀၆၇-၃-၄၁၄၂၉၂/၀၆၇-၃-၄၁၄၂၆၃ ကို ဆက်သွယ်နိုင်တယ်လို့ ကြေညာထားပါတယ်။


က္က