နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁ဝရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှုကာလအဖြစ် သတ်မှတ်ပြီး အသိပညာပေးမှုတွေ ပြုလုပ်နေကြပါတယ်။
Thin Nu Swe

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကနေစတင်ပြီး ထာဝရဖဲကြိုးဖြူဆိုတဲ့ အမည်နဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ အတွက် လူထုအသိပညာပေးလှုပ်ရှားမှုတွေ နှစ်စဉ်ပြုလုပ်ခဲ့ကြပါတယ်။ ဖဲကြိုးဖြူရဲ့ အဓိပ္ပါယ်ကတော့ အမျိုးသမီးတွေအပေါ် အကြမ်းမဖက်တော့ပါဘူး၊ အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးပေးပါ့မယ်ဆိုတဲ့ ကတိပဲ ဖြစ်ပါတယ်။

ထာဝရဖဲကြိုးဖြူ အမည်နဲ့ နှစ်စဉ် လူထုအသိပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိပြီး ဒီနှစ် ၂၀၁၉ ခုနှစ်မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ ဦးဆောင်မှုနဲ့ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျားမရေးရာ တန်းတူ ညီမျှရေးကွန်ရက် နဲ့ မြို့ရွှေမန်းသားဖိုးချစ်ဇာတ်သဘင်တို့ ပူးပေါင်းပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် “ထာဝရဖဲကြိုးဖြူ ဇာတ်ပွဲ” ကို ဒီဇင်ဘာလ ၈ရက်နေ့မှာ ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာ လူထုအသိပညာပေးလှုပ်ရှားမှုအဖြစ်ကျင်းပပြုလုပ်သွားမှာပါ။

ရွှေမန်းသားဖိုးချစ်ကတော့ ဒီ ၁၆ရက်တာလှုပ်ရှားမှုမှာ ပါဝင်ဖြစ်ရတဲ့ အကြောင်းရင်းကို Duwun ကို ပြောပြပါတယ်။

“အများအတွက် အကျိုးဖြစ်မယ်၊ ကာကွယ်ပြီးသားလည်း ဖြစ်တယ်၊ စီးပွားရေးအတွက်လုပ်တဲ့ပွဲလည်း မဟုတ်ဘူး။သူတို့အဖွဲ့အစည်းကို ယုံကြည်တဲ့အပြင် နိုင်ငံသားတစ်ယောက်အနေနဲ့ ပါဝင်ရမယ်ဆိုတဲ့ အသိကြောင့် ပါဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ စေတနာကောင်းကောင်း ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် အဆိပ်အတောက်တော့ ပါဝင်မှာ မဟုတ်ပါဘူး။ အမျိုးသမီးတွေကို အကြမ်းဖက်မှ မဟုတ်ပါဘူး။ ကလေးသူငယ်ကိုပဲဖြစ်ဖြစ် ၊ အမျိုးသားကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ အကြမ်းဖက်တာ မကောင်းပါဘူး။ လူသားတစ်ယောက်ရဲ့ ကျင့်ဝတ်ကို လူတိုင်းကျင့်သုံးလိုက်နာမယ်ဆိုရင် အားလုံးအဆင်ပြေသွားမှာပါ။”

ထာဝရဖဲကြိုးဖြူ အစီအစဉ်နဲ့ ပတ်သက်ပြီး ကျား မရေးရာတန်းတူညီမျှရေးကွန်ရက် ဒါရိုက်တာ မမေစံပယ်ဖြူက Duwun ကို ခုလိုပြောပြပါတယ်။

“နှစ်စဉ် နှစ်တိုင်း နိုဝင်ဘာလ ၂၅ ကနေ ဒီဇင်ဘာဘ ၁ဝရက်နေ့အထိကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှုအဖြစ်သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၂ ခုနှစ်ကနေစတင်ပြီး ထာဝရဖဲကြိုးဖြူနာမည်နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်စေဖို့အတွက် အသိပညာပေးမှုတွေ ပြုလုပ်ခဲ့တာ ဒီနေ့ထိပါပဲ။ အဓိကကတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဥပဒေနဲ့ ကာကွယ်ပေး ဆိုတဲ့ ခေါင်းစဉ်နဲ့ အသိပညာပေးတာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေကို အကြမ်းဖက်တာ ပြစ်မှုုဖြစ်ကြောင်း ၊ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်ကြောင်း နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာကို ကာကွယ်ဖို့ ထိရောက်တဲ့ ဥပဒေလိုအပ်နေပြီဆိုတဲ့အကြောင်းကို ပရိသတ်ကို အသိပေးချင်တာဖြစ်ပါတယ်။”

ထာဝရဖဲကြိုးဖြူ ဇာတ်ပွဲကို အခမဲ့ကြည့်ရှုခွင့်ရကြမှာဖြစ်ပြီး လက်မှတ်အခမဲ့ရရှိနိုင်မယ့်နည်းလမ်းတွေကိုတော့ ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက် Facebook စာမျက်နှာ ၊ ၁၆ရက်တာ လှုပ်ရှားမှု Facebook စာမျက်နှာ နဲ့ ထာဝရဖဲကြိုးဖြူ - Forever White Ribbon Facebook စာမျက်နှာတွေမှာ အချိန်နဲ့ တပြေးညီ သိရှိအောင် တင်ပေးသွားမှာဖြစ်တဲ့အပြင် ဒီဇင်ဘာလ ၈ရက်နေ့ ညနေ ၆နာရီအချိန်မှာ မျှော်စင်ကျွန်းကို လာရောက်မယ့် ပရိသတ်တွေအတွက်လည်း ပျော်စရာဂိမ်းအစီအစဉ် ၊ ပဟေဠိ အစီအစဉ်တွေပါ ပါဝင်သွားမှာဖြစ်ပါတယ်။




က္က