အမြန်လမ်းဥပဒေပုဒ်မ စည်းကမ်းမလိုက်နာမှုနဲ့ အမှုဖွင့်အရေးယူထားတာပါ။
Ei Ei Htun

သေဆုံးခဲ့တဲ့ ဒုရဲအုပ်ဟာ လမ်းတစ်ဖက်ကဈေးဆိုင်မှာ ထမင်းစားပြီးအပြန် လမ်းဖြတ်ကူးစဉ် ကားတိုက်ခံတာဖြစ်တယ်လို့ သိရပါတယ်။

photo- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့

တာဝန်ချိန်ပြင်ပမှာ အမြန်လမ်းပေါ်ဖြတ်သန်းသွားလာခဲ့မှုကြောင့် ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့တဲ့ ဒုရဲအုပ်ကို အမှုဖွင့်အရေးယူထားတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ဇွန်လ ၉ ရက်နေ့ည ၁၀ နာရီခွဲလောက်က ရန်ကုန်- နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၅၈ အနီးမှာရှိတဲ့ စမိုးရဲကင်းက ဒုရဲအုပ်ထွန်းဝင်းဟာ လမ်းတစ်ဖက် နေပြည်တော် - ရန်ကုန် လမ်းစုပေါင်းအနီးက ဈေးဆိုင်မှာ ထမင်းစားပြီး အပြန် လမ်း ဖြတ်ကူးလာစဉ်မှာ တိုက်မိခဲ့တာဖြစ်ပါတယ်။

နေပြည်တော်ကနေ ရန်ကုန်ကို ယာဉ်မောင်း ကိုချစ်ကိုကိုလွင် မောင်းနှင်လာတဲ့ Honda. FIT အနက်ရောင်ယာဉ်နဲ့ တိုက်မိခဲ့တာဖြစ်ပြီး ဒုရဲအုပ်ထွန်းဝင်းက နေရာမှာပဲသေဆုံးသွားခဲ့တာပါ။

“ ကျွန်တော်တို့ ယာဉ်မောင်းကိုတော့ အမှုမဖွင့်ထားဘူး။ ဘာလို့လဲဆိုတော့ အမြန်လမ်းဥပဒေပုဒ်မ(၁၃)မှာ ပါတဲ့အတိုင်း ပြည့်စုံစွာမောင်းလာတဲ့ယာဉ်မောင်းမှာ တာဝန်မရှိစေရဘူး။ အမြန်လမ်းပေါ်မှာ ဖြတ်သန်းသွားလာခွင့်မပြုထားတဲ့ လူတို့၊ လှည်းတို့၊ အနှေးယာဉ်တို့က ဖြတ်သန်းသွားလာရင် သွားလာတဲ့သူကအမှား။ အဲဒါကြောင့် တာဝန်အပ အမြန်လမ်းမပေါ် ဖြတ်သန်းသွားလာတဲ့ ဒုရဲအုပ်ထွန်းဝင်းကို အမြန်လမ်းမကြီး ဥပဒေနဲ့ အညီအမှုဖွင့်ထားတယ်” လို့ အမြန်လမ်းမကြီး ဇီးပင်သာရဲစခန်းမှ စခန်းမှူးက Duwun ကိုပြောပါတယ်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးမှာ ကားတွေ အရှိန်နဲ့ မောင်းနှင်ကြတာဖြစ်တဲ့ အတွက် မော်တော်ဆိုင်ကယ်တွေနဲ့ လူတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပါတယ်။

ယာဉ်တိုက်မှုကြောင့်သေဆုံးခဲ့တဲ့ ဒုရဲအုပ်ထွန်းဝင်း အလောင်းကို တောင်ငူဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။


Author


က္က