သေဆုံးသူမရှိပါဘူး။

မန္တလေးကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ Famous ယာဉ်က အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကိုဝင်တိုက်ရာကနေ နောက်ကနေ ရှေ့ဆင့်နောက်ဆင့်ပါလာတဲ့ ခရီးသည်ယာဉ်တွေက ဆင့်တိုက်မိတာပါ။ 

ဒီကနေ့ အောက်တိုဘာလလ(၁၆)ရက်နေ့မနက်(၆)နာရီဝန်းကျင်လောက်က အမြန်လမ်းမှာ မန္တလေးမှ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ လားရာတူ ခရီးသည်တင်ယာဉ်(၅)စီးဟာ အရှိန်လွန်ပြီး ဆင့်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းရဲစခန်းမှ သိရပါတယ်။ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ် (၅)စီးလုံးမှာလိုက်ပါစီးနှင်လာတဲ့ ခရီးသည်အားလုံးထိခိုက်ဒဏ်ရာမရရှိခဲ့ပေမယ့် ကားတွေကတော့ အနည်းငယ်ထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။

photo-ဇင်အောင်လွင်

“ ရှေ့ဆုံးကကားက မန္တလေးကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ Famous ယာဉ်က အရှိန်လွန်ပြီးလမ်းလယ်ကျွန်းပေါ်တက်သွားတာ။ နောက်ကနေ ရှေ့ဆင့်နောက်ဆင့် လိုက်လာတဲ့ ခရီးသည်ကားတွေကလည်း ရှေ့ကားကခုလိုဖြစ်တော့ မောင်းလာတဲ့အရှိန်ကိုလျှော့လိုက်တော့ ဆင့်တိုက်ကုန်ကြတာ။ ဆင့်တိုက်တဲ့ကားတွေက မန္တလေး-ရန်ကုန် Famous ယာဉ်လိုင်း၊ မုံရွာ-ရန်ကုန် Eliteယာဉ်လိုင်း၊ မုံရွာ-ရန်ကုန် ရွှေသလ္လာယာဉ်လိုင်း၊ ချောက်-ရန်ကုန် မန်းသစ္စာယာဉ်လိုင်းနဲ့၊ နောက်ထပ် မုံရွာ-ရန်ကုန် မောင်းနှင်လာတဲ့ Eliteယာဉ်လိုင်း စုစုပေါင်း(၅)စီးပေါ့။ ခရီးသည်တွေကတော့ ထိခိုက်ဒဏ်ရာရရှိသူမရှိပါဘူး” လို့ မိုင်တိုင် (၂၉)အင်းလေးရဲကင်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

အဆိုပါခရီးသည်တင်ယာဉ်(၅)စီးပေါ်မှာ ခရီးသည်ကျား(၈၀)ဦး၊ မ(၁၂၈)ဦး ၊စုစုပေါင်း ခရီးသည် (၂၀၈)ဦး လိုက်ပါစီးနှင်းလာကြောင်းသိရပါတယ်။ လက်ရှိမှာတော့ အဆိုပါယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ဥပဒေအရ လုပ်စရာရှိတာဆက်လက်ဆောင်ရွက်နေတယ်လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။ အမြန်လမ်းမှာ သီတင်းကျွတ်ပိတ်ရက်ကာလဖြစ်တဲ့ အောက်တိုဘာလ(၁၀)ရက်နေ့မှ (၁၅)ရက်နေ့ထိ ယာဉ်မတော်တဆမှု (၂၆)မှုဖြစ်ပွားခဲ့ပြီး (၂)ဦးသေဆုံးကာ (၇၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။ 



က္က