(၂)လသားမိန်းကလေးတစ်ဦးသေဆုံးခဲ့တာပါ။

အချက်ပြမီးဖွင့်ထားပြီး ရပ်ထားတဲ့ကားကို နောက်ကားကဝင်တိုက်ရာမှာ ရပ်ထားတဲ့ကားပေါ်မှာပါတဲ့ ကလေးငယ်က ရှေ့ကိုပြုတ်ကျပီး သေဆုံးခဲ့တာပါ။ 

photo- အမြန်လမ်းရဲတပ်ဖွဲ့မှူးခွဲရုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ အောက်တိုဘာလ(၂၂)ရက်နေ့ ညနေပိုင်းက ရပ်ထားသောအိမ်စီးကားတစ်စီးကို Canter ကားက နောက်ကဝင်တိုက်ရာ ရပ်ထားသောကားပေါ်မှာ ပါသော လသားကလေးငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှသိရပါတယ်။ မိုင်တိုင်အမှတ် (၁၂၄)မိုင်အနီးမှာ ည(၇)နာရီဝန်းကျင်လောက်က ဖြစ်ပွားခဲ့တာပါ။

“ အိမ်စီးကားက လမ်းဘေးမြေသားလမ်းပေါ်ရပ်ထားတာ။ နောက်ကကားက စောင့်ပြီးဝင်တိုက်လိုက်တော့ ရှေ့ကကားထဲမှာ ရှိတဲ့ (၂)လသားမိန်းကလေးတစ်ဦးက ပစ်ကျသလိုဖြစ်ပြီး သေသွားတယ်။ လသားကလေးဆိုတော့လည်း အရမ်းနုသေးတယ်လေ။ သွေးထွက်သံယိုဖြစ်ပြီး သေတာတော့မဟုတ်ဘူး။ တခြားလူတွေကတော့ ထိခိုက်ဒဏ်ရာရရှိရုံပဲ” လို့ အမြန်လမ်းဗောဓိကုန်းရဲစခန်းမှတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ရပ်ထားသောကားပေါ်ပါသူတွေထဲက အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ရပ်ထားတဲ့ကားက အချက်ပြမီးဖွင့်ထားပြီး လမ်းဘေးမြေသားလမ်းပေါ်မှာရပ်ထားတာလည်းဖြစ်ပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သက်လို့ နောက်ကဝင်တိုက်တဲ့ကားရဲ့ယာဉ်မောင်းကို ပုဒ်မ-က/၃၃၇/၃၃၈ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ 



က္က