အရေးယူနိုင်အောင် ပြည်သူတွေ ပူးပေါင်းပါဝင်သင့်
Mi Thawdar Aung

အမြန်လမ်းတစ်လျှောက် ခရီးသွားလာကြတဲ့ ပြည်သူတွေ စိုးရိမ်သောကဖြစ်အောင် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လုပ်ကြံသတင်း ဖော်ပြနေသူတွေကို အရေးယူမယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး Faceboo စာမျက်နှာ 

အချို့ ပြည်သူတွေဟာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ကို မမှန်သတင်းတွေ ပေးပို့တာ၊ လုပ်ကြံ ရေးသားထားတဲ့ ဖြစ်စဉ်တွေ၊ အရင် ဖြစ်စဉ် အဟောင်းတွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြပြီး ခရီးသွား ပြည်သူ စိုးရိမ်သောကဖြစ်အောင်၊ စိတ်လုံခြုံမှု မရှိအောင် လုပ်နေတယ်လို့ ဆိုပါတယ်။

မဟုတ်မမှန် ဖန်တီးရေးသားမှုတွေကို ဖော်ထုတ်အရေးယူနိုင်အောင် ပြည်သူတွေအနေနဲ့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကူညီပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

 “အခက်အခဲဖြစ်နေတယ်ဆိုပြီး ဖုန်းဆက် အကူအညီတောင်းတာတွေ ရှိတယ်။ ဖုန်းရပြီဆိုတာနဲ့ ဘယ်သူပဲ ဖြစ်ဖြစ် သွားကူညီပါတယ်။ ဒါပေမယ့် အဲဒီနေရာကို ရောက်တော့ ဘယ်သူမှ မရှိနေဘူး။ သူတို့ဘက် က အပျော်သဘောပဲဖြစ်ဖြစ်၊ တမင်လုပ်တာပဲဖြစ်ဖြစ် ရဲတပ်ဖွဲ့ဝင်တွေဘက်က အဆင်မပြေဖြစ်တာပေါ့။ “ လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး(ဦးစီး) မျိုးလင်းသန့်က Duwun ကိုပြောပါတယ်။

ဒါ့အပြင် အမြန်လမ်းမကြီး တစ်လျှောက်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းလယ်ကျွန်းတွေ ပြုပြင်မှုတွေနဲ့ ပတ်သက်ပြီးတော့ အချို့ပြည်သူတွေက အထင်အမြင်လွဲစေတဲ့ အကြောင်းအရာတွေကို သူတို့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာမှာ ပို့စ်ရေးသားတင်ပြတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“ ကျောက်တုံးအကြီးကြီးတွေကြောင့် လမ်းပေါ်မှာ အခက်အခဲဖြစ်တယ် စသည်ဖြင့် တင်တာမျိုးတွေ ရှိတယ်။ တကယ်တမ်းတော့ အဲဒီလိုမဟုတ်ဘူး။ ရဲတပ်ဖွဲ့ဝင်တွေကလည်း တတ်နိုင်သလောက် ရှင်းလင်းပေးပါတယ်။ သတင်းအမှားတွေကို မတင်စေချင်ဘူးပေါ့။ ဒါကြောင့် အဟန့်အတားဖြစ်အောင် အရေးယူမယ်ဆိုတာကို ကြေညာထားရတာပါ” လို့ ဒုရဲမှူး (ဦးစီး) မျိုးလင်းသန့်က Duwun ကိုပြောပါတယ်။

Photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

အမြန်လမ်းမပေါ်မှာ ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုတွေနဲ့ပတ်သက်ပြီး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးရဲ့ Facebook Page မှာ ဖော်ပြတဲ့ သတင်းသာ အမှန်ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် လူထိခိုက်မှုရှိလာခဲ့ရင် သက်ဆိုင်ရာ မိသားစုတွေ သိအောင် အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးနေတယ်လို့ ကြေညာထားပါတယ်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေ ဆက်သွယ်အကူအညီတောင်းခံလာတဲ့ အခက်အခဲနဲ့ သတင်းပေးပို့ တိုင်ကြားချက်တွေကို ကူညီပေးနိုင်အောင် (၂၄) နာရီလုံး အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ ညအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်နားလိုပါက အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းများနဲ့ ရဲကင်းတွေမှာ နားနေနိုင်တယ်လို့လည်း ကြေညာထားပါတယ်။

ဒါ့အပြင် အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပေါ်က အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးစခန်း ဖုန်းနံပတ် 09-420888801 မှ 09-420888870 အထိ ဖုန်းအရေအတွက် အလုံး (၇၀) မှ အဆင်ပြေရာ ဖုန်းနံပတ်တွေကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။


က္က