အမရပူရဆေးရုံက ဆရာဝန်ကြီးကတော့ မဟုတ်ကြောင်း ပြန်လည်ငြင်းဆိုထားပါတယ်။

ဒီနေ့ည ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့တဲ့ မန္တလေးတိုင်း အမရပူမြို့နယ်က လူနာက မန္တလေးတိုင်းဝန်ကြီးချုပ်ရဲ့ အမရပူရမြို့နယ်မှန်တန်းရပ်ကွက်မှာ ပြုလုပ်တဲ့ ပါတီစည်းရုံးရေးတွေမှာ ပါဝင်ခဲ့တယ်လို့ ကောလာဟလ သတင်းများထွက်ပေါ်ခဲ့ရာမှာ အမရပူရမြို့နယ် ဆေးရုံမှ ဆရာဝန်ကြီးက မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

ပိုးတွေ့လူနာဟာ စက်တင်ဘာ (၈) ရက်နေ့က မန္တလေးတိုင်း၊ဝန်ကြီးချုပ်ရဲ့ အမရပူရမြို့နယ်၊ မှန်တန်း ရပ်ကွက်မှာပြုလုပ်တဲ့ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူပွဲမှာ ပါဝင်ခဲ့တယ်လို့ ကနဦးသတင်းထွက်ပေါ်ခဲ့ရာ လူနာဟာ ဝန်ကြီးချုပ်ရဲ့ ပါတီစည်းရုံးရေး မစခင်ကတည်းက ဆေးရုံကို ရောက်ရှိနေပြီး ဖြစ်တယ်လို့ အမရပူရ ဆေးရုံမှ ဒေါက်တာ စိုးကိုကိုဇော်က Duwun ကို ပြောပါတယ်။



“ အဲဒါကတော့ မဟုတ်ဘူးဗျ။ မဟုတ်ဘူးဆိုတာက သူကဝန်ကြီးချုပ်ရဲ့ မနက်ခရီးစဉ်မစခင်ကတည်းက အမရပူရ ဆေးရုံမှာရောက်ရှိပြီးဖြစ်ပါတယ်။ ဒီဆေးရုံကမှ တစ်ဆင့် မန္တလေးဆေးရုံကြီးဆီပို့ဆောင်တာပါ။ စက်ဘီးတွေဆိုင်ကယ်တွေနဲ့လှည့်တဲ့ဆီမှာပါတာမဟုတ်ဘူး၊ သူက ၂ ရက်နေ့ကတော့ ရှုခင်းသာအထိ စက်ဘီးစီးတယ်လို့တော့ သတင်းသိရတယ်၊ စည်းရုံးရေးအတွက် စီးတာမဟုတ်ပါဘူး” လို့လည်း ဒေါက်တာစိုးကိုကိုဇော်က ပြောပါတယ်။

ပိုးတွေ့လူနာဟာ အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ထဲက အသက် (၃၃) နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းရဲ့ခရီးသွားရာဇဝင်နဲ့ရောဂါကူးစက်ခံရမှုဖြစ်စဉ်တို့ကိုတော့ လတ်တလောစစ်ဆေးနေဆဲပဲဖြစ်တယ်လို့ သိရပါတယ်။“အပြင်ခရီးသွားလာခြင်းတော့မရှိဘူးပေါ့လေ။ မန္တလေးကလွဲလို့ ဘယ်မှသွားလာခဲ့ခြင်းတော့မရှိဘူးပေါ့၊ သူက အသွားအလာများတဲ့သူဆိုတော့ အသေးစိတ်ကိုတော့ ကျွန်တော်တို့မသိနိုင်သေးပါဘူး” လို့ ဆရာဝန်ကြီးကဆိုပါတယ်။

လက်ရှိမှာတော့ လူနာကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်းရှိ စောင့်ကြည့်လူနာသီးသန့်ကုသဆောင်ကနေ ကန်တော်နဒီဆေးရုံကြီးဆီ ကိုပို့ဆောင်ထားပြီး ၎င်းနဲ့ထိတွေ့သူ (၈) ဦးကိုလည်း ဇီးပင်ကြီးအသွားအလာကန့်သတ်စောင့်ကြည့်နေရာဆီပို့ဆောင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က