မေလမှာသတ်မှတ်ပေးရမှာပါ။

အနည်းဆုံးလုပ်ခလစာနှုန်းထားသစ်သတ်မှတ်ရမယ့်ကာလထက် (၃) လကျော်လာပေမယ့် သတ်မှတ်နိုင်ခြင်းမရှိတဲ့အပြင်တိကျသေချာတဲ့ ဖြေရှင်းချက်တစ်စုံတစ်ရာလည်းမရှိသေးဘူးလို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကနေ သိရပါတယ်။

အနည်းဆုံးလုပ်ခလစာနှုန်းထားသစ်ကို ဥပဒေအရ နှစ်နှစ်လျှင်တစ်ကြိမ်ပြင်ဆင်သတ်မှတ်ရမှာဖြစ်ပါတယ်။ ပုံမှန် မေလမှာ ထုတ်ပြန်ရမှာဖြစ်ပေမယ့် အခု သြဂုတ်လရောက်လာတဲ့အထိ သတ်မှတ်နိုင်ခြင်းမရှိသေးတာကြောင့် အလုပ်သမားတွေ ထိခိုက်နစ်နာနေရတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ယာယီတာဝန်ခံ မမိုးစန္ဒာမြင့်က ပြောပါတယ်။



"ကိုဗစ်-၁၉ ဟာ နိုင်ငံတိုင်းလိုလိုမှာဖြစ်နေတာပါ။ ကိုဗစ်ဖြစ်လို့ လုပ်ရမယ့်ဟာ မလုပ်နိုင်ရင် အလုပ်သမားတွေကပဲ ထပ်ခါ နစ်နာရတာဖြစ်လို့ အမြန်ဆုံးသတ်မှတ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ကိုဗစ်ကာလမှာ အလုပ်သမားအများစု ဖိနှိပ်ခံရတယ်။ အလုပ်ကလျှော့တာတွေခံရတယ်။ ခုဥပဒေအရ သတ်မှတ်ရမယ့် အနည်းဆုံး လုပ်ခလစာကိုပါ မသတ်မှတ်နိုင်ရင် ပိုပြီးနစ်နာတယ်။"လို့ မမိုးစန္ဒာမြင့်ကပြောပါတယ်။

အနည်းဆုံးလုပ်ခလစာ နူန်းထားသတ်မှတ်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့၊ အမျိုးသားကော်မတီ အစည်းအဝေး ခေါ်ယူပေးဖို့ စတဲ့ ကိစ္စတွေကို အလုပ်သမားအဖွဲ့အစည်းတွေက ပြောဆိုတိုက်တွန်းနေပေမယ့် အစိုးရဘက်က တုံ့ပြန်လာတာမျိုးမရှိသေးဘူးလို့လည်းသိရပါတယ်။

“ အနည်းဆုံး လုပ်ခလစာ နူန်းထားသစ် သတ်မှတ်ရမယ့်ကာလထက်ကျော်လာတဲ့အထိ အစိုးရဘက်ကနေ ငြိမ်နေဖို့မသင့်ဘူးလို့ယူဆတယ်။ ခုထိလည်း အစိုးရဘက်ကရော၊ အလုပ်သမားဝန်ကြီးဌာနဘက်ကပါ ဒီကိစ္စနဲ့ ပတ်သက်လို့ အကြောင်းကြား ပြောဆိုတာမရှိသေးဘူး။" လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဝင် ကိုသက်နှင်းအောင်ကပြောပါတယ်။

ဓာတ်ပုံ- ဧပြီလ ၁၇ ရက်က လှိုင်သာယာမြို့နယ်တွင်းက စက်ရုံတစ်ခုမှ အလုပ်သမားများကို တွေ့ရစဉ်။

ဒီလိုသတ်မှတ်ရမယ့်ကာလမှာ မသတ်မှတ်နိုင်တာက အလုပ်သမားတွေအတွက် လုပ်ခလစာ ထိခိုက်နစ်နာမှုတွေ ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်းသတ်မှတ်ကာလတိုင်း မထုတ်ပြန်ပေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။

" အရင်က တစ်ကြိမ်ချိုးဖောက်ပြီးပြီ။ ၂၀၁၇ မှာ နှစ်နှစ်ပြည့်တာ။ ဒါပေမယ့် ၂၀၁၈ ကျမှ ထုတ်ပြန်နိုင်တယ်။ နှစ်နှစ်တစ်ကြိမ်ဆောင်ရွက်ရမယ့်ကိစ္စက ရက်ကျော်သွားတဲ့အခါကျ အလုပ်သမားတိုင်း တစ်နေ့ကို ၁၂၀၀ နစ်နာခဲ့တယ်။ တစ်နှစ်ကို သုံးသိန်းကျော်နစ်နာတယ်။ လူမှုဖူလုံရေးမှာ တရားဝင်စာရင်းဝင်တာ တစ်သန်းလေးသိန်းရှိတာ။ ဒီအလုပ်သမားတွေပေါ်မူတည်ပြီးမြှောက်လိုက်မယ်ဆိုရင် သန်းပေါင်းမြောက်များစွာမရလိုက်တာ နစ်နာတယ်။"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ယက်မှ အကြံပေးတရားလွှတ်တော်ရှေ့နေ ဦးဌေးက ဆိုပါတယ်။

လက်ရှိမှာတော့ အလုပ်သမား တစ်ဦးကို တစ်နာရီ ၆၀၀နှုန်းထားနဲ့ ၈နာရီ ကို ၄၈၀၀ သတ်မှတ်ပေးဆောင်နေပါတယ်။ ဒီနှစ်မှာ သတ်မှတ်မယ့် အနည်းဆုံးလုပ်ခလစာနူန်းထားကို အလုပ်သမားတွေက တစ်ရက် ၉၈၀၀ ကျပ်ရရှိဖို့တောင်းဆိုနေကြပြီး အမျိုးသားကော်မတီကတော့ အလုပ်သမားတစ်ဦးကို ၇၂၀၀ ကျပ်သာ ပေးဖို့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က