ဆေးဆိုင်တွေလည်း စပ်ဆေးမရောင်းဖို့ တိုက်တွန်းထားပါတယ်။

ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဈေးကွက်အတွင်းရောင်းချနေတဲ့ စပ်ဆေးတွေကို လုံးဝမသောက်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီကနေ့ (ဇန်နဝါရီ ၁၆ ရက်) မှာ ထုတ်ပြန်ကြေညာပါတယ်။

(ဇန်နဝါရီ ၁၅ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆေးဆိုင်တစ်ခုကို Ygn FDA မှ ဝင်ရောက်စစ်ဆေးစဉ်) (Photo - Ygn FDA)

အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ စတီးရွိုက်ဆေးနဲ့ ပဋိဇီဝဆေးဝါးတွေကို မလိုအပ်ဘဲ (၂) မျိုး (၃) မျိုးရောစပ်ပြီး ပုံစံအမျိုးမျိုးပြုလုပ်ကာ စပ်ဆေးအဖြစ် ဈေးကွက်အတွင်း ရောင်းချနေရာမှာ သက်တမ်းကုန်ဆုံးနေတဲ့ ဆေးဝါးတွေ၊ မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေနဲ့ ရောဂါအတွက်သုံးစွဲဖို့ မသင့်တဲ့ ဆေးဝါးတွေ ပါဝင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။



စပ်ဆေးတွေကြောင့် အစာအိမ်အနာဖြစ်ခြင်း၊ သွေးအန်ခြင်း၊သွေးဝမ်းသွားခြင်း ၊ အစာအိမ်ပေါက်ခြင်း၊ သွေးတိုး၊ ဆီးချိုရောဂါဖြစ်ခြင်း၊ အရိုးပွာရောဂါ၊ ကျောက်ကပ်ထိခိုက်ခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်းနဲ့ လေဖြတ်ခြင်း စတဲ့ရောဂါတွေ ဖြစ်စေနိုင်သလို အသက်ပါ ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

အဆိုပါ ပဋိဇီဝဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မဆင်မခြင် အသုံးပြုတာတွေကြောင့် ဆေးယဉ်ပါးခြင်း(ဆေးမတိုးခြင်း) ဖြစ်စေပြီး ပြည်သူ့ကျန်းမာရေးပြသာနာတစ်ရပ် ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လုံးဝရှောင်ကြဉ်သင့်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဆေးဆိုင်ပိုင်ရှင်တွေအနေနဲ့လည်း စပ်ဆေးရောင်းချခြင်းတွေကို လူ့ကျင့်ဝတ်အရ ချက်ခြင်းရပ်ဆိုင်းသင့်တယ်လို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။



က္က