သတ်မှတ်ထားတဲ့ပလတ်စတစ်အဆင့်အတန်းနဲ့သာ ထုတ်ပိုးရမှာပါ။
Mi Thawdar Aung

အစားအသောက်တွေ ထုတ်လုပ်ရောင်းချသူတွေအနေနဲ့ အစားအသောက်ထုပ်ပိုးရာမှာ အသုံးပြုတဲ့  ပလပ်စတစ်အဆင့်အတန်း (Food grade Plastic) ကိုသာ အသုံးပြုရမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးတိုက်တွန်းထားပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်။

ပလတ်စတစ်ထုတ်လုပ်မှု အဖွဲ့အစည်းအနေနဲ့ Plastic ID အမှတ်စဉ် (၁) မှ (၇) အထိ သတ်မှတ်ထားပြီး HDPE (High Densiy Polyethylene) ၊ LDPE (Low Density Polyethylene) နဲ့ PP (Polyprolene) သုံးမျိုးကိုသာ အစားအသောက်တွေကို သိုလှောင်သိမ်းဆည်းရာမှာ အကြိမ်ကြိမ် ပြန်လည်အသုံးပြုဖို့ စိတ်ချရတဲ့ ပလတ်စတစ်အဆင့်အတန်း (Food Grade Plastic) အဖြစ် သတ်မှတ်ထားတာပါ။

ထုတ်လုပ်သူတွေက အစားအသောက်တွေကို သတ်မှတ်ထားတဲ့ ပလတ်စတစ်အဆင့်အတန်း (Food Grade Plastic) နဲ့သာ ထုတ်ပိုးကြဖို့၊ ရောင်းချသူတွေကလည်း အစားအသောက်တွေကို သတ်မှတ်ထားတဲ့ အပူချိန်မှာသာ သိုလှောင်ရောင်းချဖို့ ဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

ဒါ့အပြင် စားသုံးသူတွေကလည်း ပလတ်စတစ်နဲ့ ထုတ်ပိုးထားတဲ့ အစားအသောက်ဝယ်ယူရာမှာ ပလတ်စတစ်အဆင့်အတန်း (Food grade Plastic)နဲ့ ထုတ်ပိုးထားခြင်း ဟုတ်မဟုတ် စစ်ဆေးဝယ်ယူသုံးစွဲကြဖို့နဲ့  အပူချိန်မြင့်တဲ့နေရာမှာ သိမ်းဆည်းခြင်းမပြုဖု့ိ ကြေညာထားတာပါ။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်။

ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ ရေ၊ အချိုရည်တို့ကို ပူပြင်းတဲ့ နေရာနဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ ကြာရှည်ထားသိုပါက ပလတ်စတစ်အတွင်းကနေ ဓာတုပစ္စည်းတွေ စိမ့်ထွက်ပြီး ညစ်ညမ်းမှုဖြစ်စေနိုင်ပါတယ်။ အဆိုပါ ညစ်ညမ်းပစ္စည်းတွေဟာ အစားအသောက်ကတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ဟော်မုန်းဓာတ်တွေ ပြောင်းလဲခြင်း၊ အူလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ အဆုတ်ရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားစေနိုင်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ပလတ်စတစ်အသုံးပြုမှုကို လျှော့ချနိုင်ဖို့ လူမှုအဖွဲ့အစည်းတစ်ချို့ကလည်း လူထုကြားထဲ အသိပညာပေးလှုပ်ရှားမှုတွေလုပ်နေပေမယ့်လည်း အလွယ်တကူရရှိနိုင်တာကြောင့် ပလတ်စတစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုမှုတွေ ရှိနေကြဆဲဖြစ်ပါတယ်။

“ ပလတ်စတစ်လျှော့ချသုံးဖို့ လူတွေက ကိုယ့်ရဲ့ နေ့စဉ် အကျင့်လေးကို ပြောင်းရုံပါပဲ။ အပြင်သွားမယ်ဆို ကိုယ့်အိမ်ကနေ ရေဘူး၊ အိတ်တို့ယူသွားပြီး အသုံးပြုလို့ရပါတယ်။ အခုတော့ လူတွေတော်တော်များများကတော့ ပလတ်စတစ်လျှော့ချသုံးဖို့ စိတ်ဝင်စားလာကြပါပြီ” လို့ ပလတ်စတစ်လျှော့ချရေးဆောင်ရွက်တဲ့ Thant Myanmar အဖွဲ့အစည်းမှ မမေသက်ထွေးက ပြောပါတယ်။


က္က