ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
Ei Ei Htun

စက်တင်ဘာလ (၁)ရက်နေ့က အင်းစိန် အထက်တန်းကျောင်းမှ (၉)တန်းကျောင်းသားတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် အဆိုပါကျောင်းသားနဲ့ ထိတွေ့ထားတဲ့ ကျောင်းသား (၃၅)ဦးနဲ့ ဆရာ၊ဆရာမများကို ကွာရန်တင်းထားရှိခဲ့ပါတယ်။

ကွာရန်တင်း ထားရှိထားတဲ့ ကျောင်းသားတွေထဲက ကျောင်းသား လေးဦးနဲ့ ဆရာမတစ်ဦးမှာ ရောဂါပိုထပ်မံကူးစက်ခံခဲ့ ရတယ်လို့ သိရပါတယ်။ အဆိုပါကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေကို ဒုတိယအကြိမ်ဓာတ်ခွဲ စစ်ဆေးခဲ့ရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

“ ကွာရန်တင်း ဝင်ရောက်နေတဲ့ ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေအားလုံးကို ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးပြီးပါပြီ။ အဲဒီတုန်းက အားလုံး negativeပါ။ အခု ဒုတိယအကြိမ်ထပ်ပြီး စစ်တော့မှ ကျောင်းသား (၄)ဦးနဲ့ ဆရာမတစ်ဦးမှာ တွေ့တာပါ”လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကို ပြောပါတယ်။

ကျောင်းသားတွေနဲ့ ဆရာ ၊ဆရာတွေကို လှည်းကူးပညာရေးကောလိပ်က ကွာရန်တင်းစင်တာမှာ ထားရှိထားတာဖြစ်ပြီး အခုလို ကျောင်းသားလေးဦးထပ်မံကူးစက်ခံရတဲ့အတွက် ကျန်ရှိတဲ့ကျောင်းသားမိဘတွေအနေနဲ့လည်း စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၁၄ ရက် ထုတ်ပြန်ချက်အရ အင်းစိန်မြို့နယ်က ပိုးတွေ့လူနာ (၈)ဦးထဲမှာ အဆိုပါကျောင်းသား လေးဦးနဲ့ ဆရာမတစ်ဦးပါဝင်ခဲ့တာပါ။ အင်းစိန် အထက (၂)ကပထမဆုံး ပိုးတွေ့ရှိခဲ့တဲ့ ကျောင်းသားက လူနာအမှတ်(၈၁၇)ဖြစ်ပြီးစက်တင်ဘာလ (၁)ရက်နေ့က ဝန်ကြီးဌာနကထုတ်ပြန်ကြေညာခဲ့တဲ့ ပိုးတွေ့လူနာစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။


Author


က္က