ဧည့်သည်ဆောင်အသစ်မှာ ကော်ဖီဆိုင်၊ ကလေးကစားကွင်းတို့ကိုပါ ဆောက်လုပ်ပေးထားပါတယ်။
Mi Thawdar Aung

အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ထောင်ဝင်စာ ဧည့်တွေ့ခန်းနဲ့ ဧည့်သည်နားနေဆောင်သစ်ကို မြန်မာနိုင်ငံအကျဉ်းဦးစီးဌာနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ( ICRC ) တို့ပူးပေါင်းပြီး ဇွန်လ ၂၃ ရက်က ဖွင့်လှစ်လိုက်တယ်လို့ ICRC ကသတင်းထုတ်ပြန်ပါတယ်။

Photo - ICRC

ဒီ ဧည့်တွေ့ခန်းအသစ်တွေက လေကောင်းလေသန့် ပိုမိုရရှိနိုင်ပြီး တသီးတသန့် တွေ့ဆုံနိုင်အောင် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

အကျဉ်းသားတွေကို လာရောက်တွေ့ဆုံကြတဲ့ မိသားစုတွေ ပိုပြီး သက်တော့သက်သာ ရှိစေတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ ရည်ရွယ်ဆောက်လုပ်ထားတယ်လို့ ဆိုပါတယ် ။

အဆိုပါ ဧည့်တွေဆောင်အသစ်မှာ ကော်ဖီဆိုင်၊ ကလေးကစားကွင်းတို့ကို ဆောက်လုပ်ပေးထားပြီး မီးချောင်းအသစ်တွေ၊ အိမ်သာအသစ်တွေ ဆောက်လုပ်ပေးထားတယ်လို့ ဆိုပါတယ်။

Photo- ICRC

“ အဆောက်အဦးသစ်မဆောက်ခင်တုန်းက မိသားစုတွေ့ဆုံခန်းက အရမ်းဆူညံပြီးရှုပ်ယှက်ခတ်နေတယ်။ စကားပြောဖို့ဆို အသံကို အကျယ်ကြီးပြောရတယ်။ အခုတော့ မိသားစုတွေ့ဆုံခန်းက အရမ်းအဆင်ပြေသွားပြီ” လို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ကိုဇေယျာမျိုးညွှန့် က ပြောပါတယ်။

အဆိုပါ ဧည့်တွေ့ဆောင်အသစ်မှာ အကျဉ်းသားတွေနဲ့ မိသားစုအကြား သီးသန့်ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ပြီး ယခင်လို လူအများနဲ့ ပြည့်ကြပ်နေတဲ့နေရာတွေမှာ နာရီပေါင်းများစွာ စောင့်ဆိုင်းနေစရာမလိုတော့ဘူးလို့လည်း ICRCက ထုတ်ပြန်ထားပါတယ်။

အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ထောင်ဝင်စာ ဧည့်တွေ့မယ့် သူဦးရေ နေ့စဉ် ၆၀၀ ခန့်ရှိနေတယ်လို့ ICRC က နေသိရပါတယ်။

အဆိုပါ ဧည့်တွေ့ဆောင်သစ်ဖွင့်လှစ်ဖို့ ဒေါ်လာ ၃သိန်း ကုန်ကျခဲ့ပြီး ICRC က ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။


Author


က္က