ရပ်ကွက်ကင်းတဲမှာနေထိုင်သူဖြစ်ပါတယ်။

ဒီနေ့ မနက် ၈ နာရီထုတ်ပြန်ချက်အရ အင်းစိန်မြို့နယ်က ကိုဗစ်အတည်ပြုလူနာ သုံးဦးပါဝင်ခဲ့ရာမှာ လူနာတစ်ဦးမှာအိမ်ခြေမဲ့ဖြစ်ပြီး လမ်းကပေးထားတဲ့ ရပ်ကွက်ကင်းတဲမှာနေထိုင်သူဖြစ်တယ်လို့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

လက်ရှိမှာ အတည်ပြုလူနာသုံးဦးနဲ့ဆက်စပ်ထိတွေ့ခဲ့တဲ့ မိသားစုဝင်၁၄ ဦးရှိနေပြီး မိသားစုဝင်တွေကို အသွားအလာကန့်သတ်ထားသလို လမ်းတွေကိုလည်း ယာယီ lockdown ပြုလုပ်ထားတယ်လို့ သိရပါတယ်။



ဓာတ်ပုံ- ထားထားဝေ (အင်းစိန်မြို့နယ်က ပိုးတွေ့လူနာတွေရဲ့ နေအိမ်တွေကို အသွားအလာကန့်သတ်ထားစဉ်)


" အောင်ဆန်းရပ်ကွက်က တစ်ဦးကတော့ အိမ်ခြေရာမဲ့ပေါ့နော်။ လမ်းကပေးထားတဲ့ ကင်းတဲမှာနေတယ် ။ မိသားစုဝင်မရှိဘူးပေါ့ ။ နောက်တစ်ယောက်ကတော့ မိသားစုဝင် ၁၀ဦးလောက်ရှိပါတယ် ။ ရွာမအနောက်မှာနေထိုင်တဲ့ လူနာကတော့ ဆိုင်တစ်ခုရဲ့ အရောင်းဝန်ထမ်းကောင်မလေးပါ ။ သူနဲ့အတူနေတဲ့ ဝန်ထမ်းလေးဦးရှိပါတယ် ။ ပိုးတွေ့လူနာတွေကတော့ ဝေဘာဂီဆေးရုံကို ခေါ်ဆောင်သွားပါပြီ ။ ကျန်တဲ့သူတွေကို ကွာရန်တင်းလုပ်ဆောင်ဖို့ကတော့ တိုင်းကျန်းမာရေးရဲ့ ညွှန်ကြားချက်ကို စောင့်နေပါတယ် '' လို့ အင်းစိန်မြို့နယ် ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကို ပြောပါတယ် ။ 

ပိုးတွေ့လူနာ ၃ဦးကတော့ လူနာအမှတ် ၇၄၀၊ ၇၄၂ နဲ့၇၄၃ တု့ိဖြစ်ကြပြီး လူနာအမှတ် ၇၄၀ ကတော့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးမှာ နေထိုင်သူဖြစ်ပါတယ်။ လူနာအမှတ် ၇၄၂နဲ့ ၇၄၃ ကတော့ အသက် ၂၅ နှစ်အရွယ် နဲ့ ၄၅ နှစ်အရွယ် အမျိုးသားတွေ ဖြစ်ကြပြီး အောင်ဆန်းရပ်ကွက်၊ သစ္စာဝါဒီလမ်းမှာနေထိုင်သူတွေ လို့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။


ဓာတ်ပုံ- ထားထားဝေ (အင်းစိန်မြို့နယ်က ပိုးတွေ့လူနာတွေရဲ့ နေအိမ်တွေကို အသွားအလာကန့်သတ်ထားစဉ်)


 ပိုးတွေ့လူနာသုံးဦးနေထိုင်တဲ့ အင်းစိန်မြို့နယ် ၊ ရွာမအနောက်ရပ်ကွက် နဲ့ အောင်ဆန်းရပ်ကွက်က လမ်းတွေကို အသွားအလာကန့်သတ်ထားလိုက်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ နဲ့ လူမှုကူညီရေးအသင်းတို့က ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ် ။ 

ဒီနေ့မနက်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ COVID-19 ပိုးတွေ့လူနာသစ် ၁၆ ဦးရှိခဲ့ပါတယ်။ အဆိုပါ လူနာ ၁၆ ဦးထဲက အင်းစိန်မြို့နယ်က လူနာ ၃ ဦးဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခြင်းမရှိ၊ ပြည်ပခရီးသွားရာဇဝင်လည်းမရှိခဲ့သလို ရခိုင်ပြည်နယ်အတွင်း ရောဂါဖြစ်ပွားရာဒေသတွေကို သွားရောက်ခဲ့ခြင်းမရှိဘဲ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က