အိမ်မဲမြို့ လူထုတွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။
Mi Thawdar Aung

အရွေးချယ်ခံပြီး တက်လာတဲ့ အစိုးရအနေနဲ့ မတည်နိုင်တဲ့ ကတိတွေကို ပြည်သူတွေကို မပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၂ ရက်နေ့က အိမ်မဲမြို့မှာပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

Photo- Myanmar State Councellor Office (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မြောင်းမြတံတားဖွင့်ပွဲ တတ်ရောက်စဉ်)

မတည်နိုင်တဲ့ ကတိတွေကို ရေတိုကာလမှာ အကျိုးရှိကောင်းရဲ့ဆိုပြီး ပေးခဲ့ပါက ရေရှည်မှာ ပြည်သူရဲ့ ယုံကြည်မှုကို ဆုံးရှုံးနိုင်ပြီး မလုပ်ပေးနိုင်တဲ့ကိစ္စကို မလုပ်ပေးနိုင်ဘူးလို့ မှန်မှန်ကန်ကန် ပြောသင့်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

“အစိုးရနဲ့ ပြည်သူအကြား ယုံကြည်စိတ်ချမှုရှိဖို့က အဓိက ဖြစ်ပြီး မတည်နိုင်တဲ့ ကတိတွေကို ပြည်သူတွေကို မပေးပါနဲ့ဆိုပြီး ကျွန်မတို့ ထပ်တလဲလဲပြောပါတယ်။ မတည်နိုင်တဲ့ ကတိတွေကို ရေတိုကာလမှာ အကျိုးရှိကောင်းရဲ့ဆိုပြီး ပေးခဲ့ရင် ရေရှည်မှာ ပြည်သူရဲ့ယုံကြည်မှုကို ဆုံးရှုံးနိုင်ပါတယ်။ ပြည်သူရဲ့ ယုံကြည်မှုကိုဆုံးရှုံးရင် အလုပ်လုပ်ရတာ အင်မတန်ခက်ပါတယ်။ မှန်မှန်ကန်ကန်ပဲ မလုပ်ပေးနိုင်တဲ့ကိစ္စကို အခုတော့ မလုပ်ပေးနိုင်ဘူး။ နောက်ဖြစ်ရင်လည်း ဖြစ်မယ်လို့ ပြောသင့်ရင်လည်း ပြောရမယ်။ တချို့ကိစ္စတွေတော့ မဖြစ်နိုင်ဘူး။ ဒါဟာ နိုင်ငံနဲ့ သင့်တော်တဲ့ကိစ္စ မဟုတ်ဘူး။ ဒါကတော့ မလိုက်လျောနိုင်ဘူးလို့ ပြောသင့်ရင်လည်း ပြောရမှာပါ။ အဲဒီလို မှန်မှန်ကန်ကန် ပြောရဲတဲ့သတ္တိရှိမှသာလျှင် အစိုးရနဲ့ ပြည်သူအကြား ယုံကြည်မှု တည်ဆောက်ရမှာပါ” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေလုပ်ရာမှာ လမ်းပန်းဆက်သွယ်ရေး၊ စာသင်ကျောင်းတွေ အဆင့်မြှင်တင်ရေး၊ ဆေးရုံတွေမှာ ဝန်ထမ်းအင်အားတိုးမြှင့်ရေး စသည်ဖြင့် တင်ပြချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းဖို့ ကြိုးစားဆောင်ရွက်နေပြီး တစ်တိုင်းပြည်လုံးကို တစ်ချိန်တည်းမှာ အားလုံးပြည့်စုံအောင်တော့ မလုပ်ပေးနိုင်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ထိုသို့ လုပ်ဆောင်ပေးနိုင်မှုဟာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ ဖွံဖြိုးမှု အခြေအနေတွေနဲ့ သက်ဆိုင်နေပြီး ယခုနှစ် မကုန်ခင်မှာတော့ ၅၀ ရာခိုင်နှုန်းသော ပြည်သူများ လျှပ်စစ်ဓာတ်မီးရရှိအောင် စီမံကိန်းချထားဆောင်ရွက်နေကာ အောင်မြင်မယ်လို့လည်း ယုံကြည်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက် ပြောကြားခဲ့ပါတယ်။

အဲဒီနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အိမ်မဲမြို့နေ ပြည်သူလူထုတွေရဲ့ သိလိုသမျှ မေးခွန်းတွေကို သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့တွေ ၊ ဌာနဆိုင်ရာ ဝန်ကြီးတွေနဲ့ အတူ ပြန်လည်ဖြေကြားခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလက ၁ ရက်မှစပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်မြို့၊ ကျောင်းကုန်းမြို့၊ အိမ်မဲမြို့နဲ့ ပန်းတနော်မြို့ စတဲ့ မြို့တွေကို သွားရောက်ပြီး လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


က္က