လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ မျှော်လင့်

လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်ကျခံနေရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ နှစ်ဦးကို ထိုင်းဘုရင်က သနားငဲ့ညှာစွာနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်မည်ဆိုပါက တဖြည်းဖြည်း လွတ်ငြိမ်းချမ်းသာခွင့်ရလာနိုင်တယ်လို့ ဝင်းနဲ့ ဇော်လွတ်မြောက်ရေး ဆောင်ရွက်ပေးနေတဲ့ ဦးထူးချစ်က ပြောလိုက်ပါတယ်။

Photo- ဝင်းနဲ့ ဇော်အတွက် ငြိမ်းချမ်းစွာ ဆုတောင်းပွဲ ပြုလုပ်

သူတို့နှစ်ဦးအတွက် ငြိမ်းချမ်းစွာ ဆုတောင်းပွဲတွေကိုလည်း မြန်မာအစိုးရ ကိုယ်တိုင်ဦးစီးပြီး နိုင်ငံအဝှမ်းမှာ လုပ်ပေးမယ်ဆိုရင် ပြစ်ဒဏ်လျှော့ပေါ့ဖို့ ကိစ္စက ပိုပြီး ထိထိရောက်ရောက်ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

“ ကျွန်တော်တို့က ဝင်းနဲ့ ဇော်လွတ်မြောက်ရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆုတောင်းပွဲတွေကို အစိုးရနေက ဦးစီးပြီး မြို့ကြီးတွေမှာ လုပ်စေချင်တယ်။ ဒါမှလည်း သူတို့နှစ်ဦးအတွက် ပိုထိရောက်မယ်။ ကျွန်တော်တို့ ကူညီနေတဲ့အဖွဲ့တွေလည်း လုပ်ရတာ အားပိုရှိတာပေါ့” လို့ ဦးထူးချစ်က ပြောပါတယ်။

ဝင်းနဲ့ ဇော်တို့နှစ်ဦးအတွက် ငြိမ်းချမ်းစွာဆုတောင်းပွဲကို အောက်တိုဘာ ၂၅ ရက်က ဦးထူးချစ်ကိုယ်တိုင် ဦးဆောင်ကာ ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသားအချို့နဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

အဆိုပါ ဆုတောင်းပွဲမှာ ထိုင်းဘာသာစကား၊ မြန်မာဘာသာစကားများနဲ့ “ ထိုင်းဘုရင်မင်းမြတ်ကြီးအနေဖြင့် သနားညှာတာစွာ စဉ်းစားပေးပါ” လို့ ရေးသားထားတဲ့ ဆိုင်းပုဒ်တွေကိုင်ဆောင်ကာ ဖယောင်းတိုင်မီးများ ထွန်းညှိပြီး ဝင်းနဲ့ ဇော်လွတ်မြောက်ရေးအတွက် ၂ မိနစ်ခန့် ငြိမ်သက် ဆုတောင်းခဲ့ကြ တာပါ။

ဝင်းနဲ့ ဇော်တို့ နှစ်ဦးကို သေဒဏ်ကနေ နှစ်ရှည်ထောင်ဒဏ်အဖြစ် လျော့ပေါ့စဉ်းစားပေးဖို့ အောက်တိုဘာ၂၄ ရက်မှာ  ထိုင်းရှေ့နေများကောင်စီက သူတို့နှစ်ဦးရဲ့ မိခင်တွေနဲ့ အတူ ဝင်းနဲ့ ဇော်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်ကို သွားရောက်ပြီး ထိုင်းဘုရင့်ထံကို အသနားခံစာ တင်ခဲ့တာလည်းဖြစ်ပါတယ်။

ကလေးတွေက ငယ်ရွယ်နုနယ်သေးတယ်။မိဘတွေကို လုပ်ကျွေးနေတဲ့ကလေးတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ဘုုရင်ကြီးအနေနဲ့ သနားညှာတာစွာ အပြစ်ကနေ လျှော့ပေးပေးဖို့ အသနားခံစာတင်ခဲ့တာလို့ သိရပါတယ်။ ထိုင်းရှေ့နေများကောင်စီက ထောင်ထဲမှာ ရှိတဲ့ တရားရေးဌာနကနေ အသနားခံစာကို ထိုင်းဘုရင်ဆီကို တိုက်ရိုက်ရောက်နိုင်တဲ့ အဆက်အသွယ်လုပ်ထားပြီးပါပြီ ” လို့ ဦးထူးချစ်က Duwun ကိုပြောပါတယ်။

ယခုနှစ်ဆန်းပိုင်းမှာလည်းထိုင်းနိုင်ငံမှာသေဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသား (၃) ဦးကို ထိုင်းဘုရင်ဆီကိုတင်ထားတဲ့အသနားခံစာရ  သေဒဏ်ကနေ တစ်သက်တစ်ကျွန်းအဖြစ် လျှော့ချခဲ့တယ်လို့လည်း ဦးထူးချစ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ပြစ်မှုကျုးလွန်တဲ့ အကျဉ်းသားတွေကို သေဒဏ်မပေးခဲ့တာ (၉) နှစ်ခန့်ရှိခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကမှ လူသတ်မှု ကျုးလွန်သူတစ်ဦးကို သေဒဏ်ပေးခဲ့တယ်လို့လည်းသိရပါတယ်။



က္က