ယောင်္ကျားလေးတွေက မိန်းကလေးတွေလောက် ကျောင်းမှာ မထူးချွန်ခဲ့တာ နည်းနည်းကြာလာပြီမို့ စိုးရိမ်စရာဖြစ်လာ
Mi Thawdar Aung

ထူးချွန်ကျောင်းသားကျောင်းသူအများစုမှာ  ပုဂ္ဂလိက ကျောင်းတွေက ဖြစ်နေတာကို တွေရပြီး အစိုးရကျောင်းတွေက ထူးချွန်ကျောင်းသားကျောင်းသူတွေ ပိုမိုမွေးထုတ်တာကို မြင်ချင်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

Photo- Myanmar State Counsellor Office

ဒီနေ့ စက်တင်ဘာ ၂၀ ရက် က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန မှာ ပြုလုပ်တဲ့ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်ကျောင်းသားကျောင်းသူတွေနဲ့ ကျောင်းတွေကို ဆုချီးမြှင့်တဲ့အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲရလဒ်တွေမှာ ကျောင်းသားကျောင်းသူတွေက သိပ္ပံနဲ့ သချာၤဘာသာရပ်တွေမှာ ပိုမိုအားကောင်းလာပြီး ထူးချွန်သူတွေက ပုဂ္ဂလိကကျောင်းတွေက ဖြစ်နေတာတွေက ကျေနပ်စရာလေးတွေရှိသလို၊ ပြုပြင်စရာတွေလည်း များနေသေးတာ တွေ့ရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံက ဆိုပါတယ်။

“ အစိုးရ ကျောင်းတွေက ထူးချွန် ကျောင်းသူကျောင်းသားများ ပိုမို မွေးထုတ်တာကို မြင်ချင်ပါတယ်။ ဒီလိုပြောရခြင်းဟာ ပုဂ္ဂလိကကျောင်းတွေကို မလို လားလို့ မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင် ပုဂ္ဂလိကကျောင်းတွေမှာ ပညာသင်ခဲ့တာပါ။ ပုဂ္ဂလိကကျောင်းတွေရဲ့ကဏ္ဍကို အသိအမှတ်ပြု တန်ဖိုးထားပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အနာဂတ်၊ လူမှုရေး၊ နိုင်ငံရေး ကောင်းမွန်တည်ငြိမ်ဖို့အတွက် လိုအပ်ချက်အနေနဲ့ အများ တက်ကြတဲ့ အစိုးရကျောင်းတွေ အရည်အသွေးမြင့်မားပြီး ထူးချွန်ကျောင်းသူ၊ ကျောင်းသားများ မွေးထုတ်နိုင်စွမ်းအား ကောင်းတာကို မြင်ချင်တာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Photo- Myanmar State Counsellor Office

အစိုးရကျောင်းတွေ ထူးချွန်ဖို့ အစိုးရတစ်ခုတည်းက ဆောင်ရွက်ရုံသာမကဘဲ ဆရာမိဘတွေကလည်းပညာရေးကို အားပေးဖို့ အကူအညီလိုအပ်တယ်လို့ ဆိုပါတယ်။

အခြေခံပညာကျောင်းတွေမှာ ယောင်္ကျားလေးတွေဟာ မိန်းကလေးတွေလောက် ကျောင်းမှာ မထူးချွန်ခဲ့တာ နည်းနည်းကြာလာပြီ ဖြစ်လို့ ဒါဟာ စိုးရိမ်စရာတစ်ခုဖြစ်လာပြီး လူ့အသိုင်းအဝိုင်းမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေ အားလုံးတန်းတူညီတူ တိုးတက်စေချင်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားပါတယ်။

ဒါ့အပြင် မိဘတွေအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကျူရှင်စနစ်ပပျောက်ရေးကို အစိုးရက ကြိုးပမ်းနေပြီး ဒါကို ဝင်ငွေ ပေါက်တယ်ဆိုပြီး မနှစ်မြို့တဲ့ ဆရာ၊ဆရာမတွေ ရှိနေတယ်ဆိုတာကို ကြားသိရတဲ့ အတွက် နိုင်ငံအတွက် အင်မတန်မှ စိတ်မကောင်းဖြစ်ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒီနေ့ ချီးမြှင့်တဲ့အခမ်းအနားက ပြည်ထောင်စုအဆင့် အောင်ချက် အကောင်းဆုံး ထူးချွန်ဆုရ ကျောင်း ၆၁ ကျောင်းနဲ့ ပြည်ထောင်စုအဆင့် ထူးချွန်ဆုရ ကျောင်းသားကျောင်းသူပေါင်း ၁၄၂ ဦးကို ဆုချီးမြှင့်ခဲ့တာပါ။

အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ အခြေခံပညာကျောင်းတွေက တစ်နိုင်ငံလုံးမှာ အောင်ချက်အကောင်း ဆုံး ပထမဆု ရရှိတဲ့ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (ကမာရွတ်) ၊  အောင်ချက်အကောင်းဆုံး ဒုတိယဆုရရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ကို ဂုဏ်ပြုဆုပေးအပ်ခဲပါတယ်။


က္က