ပြည်သူကို ကတိကဝတ်ပေးခဲ့တဲ့အတိုင်း အမြန်ဆုံံးတည်ဆောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရတစ်ရပ်အနေနဲ့ မြောင်းမြတံတားကို ပြည်သူကို ကတိကဝတ်ပေးခဲ့တဲ့အတိုင်း အမြန်ဆုံံးတည်ဆောက်ပေးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဧပြီလ ၁ ရက်နေ့မြောင်းမြတံတားဖွင့်ပွဲမှာ ပြောကြားလိုက်ပါတယ်။

ဓါတ်ပုံ- အတိုင်ပင်ခံံရုံး



“အလုပ်တစ်ခုဟာ စပြီဆိုရင် ဆုံးခန်းတိုင်အောင် အောင်မြင်အောင်လုပ်ဖို့ဟာ ကျွန်မတို့အားလုံးမှာ တာဝန်ရှိပါတယ်။ အဲဒီတုန်းက အမြန်ဆုံး ဒီတံတားကို တည်ဆောက်ပေးပါမယ်လို့ ပြည်သူကို ကတိကဝတ်ပေးခဲ့ပါတယ်။ ဒါဟာလည်း အင်မတန်အရေးကြီးပါတယ်။ အုပ်ချုပ်ရေးယန္တရားကို တာဝန်ယူတဲ့အဖွဲ့အစည်းတစ်ခုဟာ ပြည်သူကိုပေးတဲ့ကတိတွေ တည်ဖို့ဆိုတာဟာ အင်မတန်မှကို အရေးကြီးပါတယ် ” လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

ပြည်သူနဲ့ အစိုးရကြားမှာ ယုံကြည်မှုရှိဖို့၊ တစ်ဦးနဲ့ တစ်ဦးယုံကြည်ဖို့၊ လေးစားဖို့ဆိုပါက နှစ်ဖက်စလုံးက ကိုယ့်တာဝန်ကိုယ်ကျေပွန်ပြီး ကိုယ့်အခွင့်အရေးကိုလည်း စောင့်ရှောက်နိုင်ရမှာဖြစ်တယ်လို့လည်း အတိုင်ပင်ခံက ပြောခဲ့ပါတယ်။ အစိုးရတာဝန်တစ်ခုက ပြည်သူလူထုုကို ပေးထားတဲ့ကတိ တည်ဖို့ဖြစ်ပြီးတော့ ကတိအတိုင်း တံတားကို ဖွင့်လှစ်နိုင်ခဲ့လို့ဝမ်းသာတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

မြောင်းမြတံတားဟောင်းကို ၁၉၉၄ ခုနှစ်မတ်လ ၁ ရက်နေ့မှာ တည်ဆောက်ရေးလုပ်ငန်း စတင်ခဲ့ကာ ၁၉၉၆ စက်တင်ဘာ ၁၈ ရက်နေ့မှာ စတင်အသုံးပြုခဲ့ပြီး ၂၀၁၈ ခုနှစ်ဧပြီလ ၁ ရက်နေ့က ကျိုးကျသွားခဲ့တာဖြစ်ပါတယ်။ မြောင်းမြတံတားအသစ်ကိုတော့ ၂၀၁၇ ခုနှစ်  မေလမှာ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

တံတားသစ်ဟာ Steel Truss Deck Type သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး မီတာ ၈၃၀ (၂၇၂၃ဒသမ ၂၃)ပေ ရှည်လျားပါတယ်။ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာနဲ့ လူသွားလမ်း တစ်ဖက်လျှင် ၃ ပေစီပါရှိပြီး ယာဉ်နဲ့ ကုန်အပါအဝင် တစ်စီးချင်း ၇၅ တန် တင်ဆောင်ဖြတ်သန်းခွင့်ပြုတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က